မြန်မာနိုင်ငံအတွက် အခြေခံလိုအပ်ချက်များ ကာလရှည်ထောက်ပံ့ခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်ရလာချိန်တွင် ကူညီပံ့ပိုးပေးမှုများ တိုးမြှင့်လာသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(အရှေ့တောင်အာရှ ဌာနခွဲ) မှ အကြံပေး အရာရှိ ကိုဂျီမတာကဲဘရု (Kojima Takebaru) နှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ JICA ရုံးတွင် မတ်လ ၁၂ ရက်၌ တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။
JICA အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေအကြောင်း ရှင်းပြပေးပါဦး။
JICA အနေနဲ့ အဓိက ဒေါက်တိုင် သုံးခုကို ကူညီပေးနေပါတယ်။ ပထမဒေါက်တိုင်ကတော့ စိုက်ပျိုးရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးရေးနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးတွေမှာ ကူညီပံ့ပိုးပေးဖို့ပါ။ ဒုတိယဒေါက်တိုင်ကတော့ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ Capacity Development နဲ့ အသင်း အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး၊ Institutional Development အတွက် အကူအညီပေးတာပါ။ အဲဒီမှာ ဥပဒေရေးဆွဲပြဋ္ဌာန်းတာ၊ ငွေကြေးကဏ္ဍအတွက် အထောက်အပံ့ပေးတာတွေ၊ အခြေခံပညာနဲ့ အဆင့်မြင့်ပညာရေးအတွက် ကူညီပံ့ပိုးပေးတဲ့အပိုင်းပါ။ တတိယ ဒေါက်တိုင်ကတော့ အရေးအကြီးဆုံး အပိုင်းဖြစ်မယ်ထင်တယ်။ အခြေခံအဆောက်အအုံတွေအတွက် အကူအညီပေးတာတွေပါ။ ဥပမာ-သီလ၀ါအထူးစီးပွားရေးဇုန်အတွက် ချေးငွေပေးမှာတွေ၊ မဟာရန်ကုန်ဖွံ့ဖြိုးရေးအတွက် ချေးငွေပေးမှာတွေပေါ့။ ရထားလမ်းတွေ အသစ်ဖောက်လုပ်ရေး၊ အဆင့်မြှင့်တင်ရေး စတာတွေအတွက် ပေးမယ့်ချေးငွေကိုလည်း မြန်မာအစိုးရစိတ်ဝင်စားမယ်ထင်ပါတယ်။
အခု အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံကို အကူအညီတွေစပေးလည်း ဂျပန်အနေနဲ့က အကူအညီပေးတာ ရပ်မှာမဟုတ်ပါဘူး။ အခု ပေးနေတာတွေက အခြေခံ လိုအပ်ချက်အတွက် ပေးနေတာဖြစ်သလို နောက်ထပ်ပြီးတော့လည်း အကူအညီပေးဦးမှာပါ။ ကျွန်တော်ထင်တယ် မြန်မာဟာ ကမ္ဘာပေါ်မှာ ဂျပန်အနေနဲ့ အကူအညီအများဆုံးပေးတဲ့ နိုင်ငံထဲ
က တစ်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။
JICA အနေနဲ့ မြန်မာနိုင်ငံကို ဘယ်အချိန်ကစ အကူအညီပေးတာလဲ။
ကျွန်တော်ထင်တယ်၊ ဒုတိယကမ္ဘာစစ်ပြီးတော့ ၁၉၆၀ မှာ စစ်လျော်ကြေးပေးတဲ့ အစီအစဉ်အနေနဲ့ စခဲ့တာ။ လောပိတရေအားလျှပ်စစ်စီမံကိန်း လုပ်ပေးတာတို့၊ ကြေးစင်တောင်စီမံကိန်း လုပ်ပေးတာတို့ပေါ့။ JICA ကလည်း ၁၉၆၀ မှာမှ စပေါ်လာတာ။
အခု မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းပေါင်း ဘယ်နှခုရှိလဲ။ ဘယ်စီမံကိန်းတွေက အကြီး ဆုံးဖြစ်မလဲ။
စီမံကိန်းပေါင်း ၂၀ ကနေ ၃၀ အတွင်းရှိတယ်။ အကြီးဆုံးကတော့ ငွေချေးပေးတဲ့ စီမံကိန်းဖြစ်မယ်။ အတိုးက အလွန်ကိုနည်းပါတယ်။ ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ပါ။ ကျွန်တော်တို့ ဒေါ်လာ သန်း ၅၀၀ လောက်ရှိမယ့် ချေးငွေပေးဖို့လည်း ပြင်ဆင်နေပါတယ်။ အခု ကျွန်တော်လုပ်ဖော်ကိုင်ဖက်တွေ အဲဒီအတွက် မြန်မာနိုင်ငံသွားပြီး ဆွေးနွေးနေပါပြီ။ နောင် ဆောင်ရွက်မယ့် စီမံကိန်းသုံးခုအတွက်။ စီမံကိန်းသုံးခုမှာ ပထမစီမံကိန်းကတော့ ကြံခင်းဘိလပ်မြေစက်ရုံနဲ့ လျှပ်စစ်ဂျင်နရေတာတွေ ပြင်ဆင်ပေးမှာဖြစ်သလို၊ ဒုတိယက သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းရယ်၊ တတိယကတော့ ပြည်နယ်နဲ့ တိုင်းဒေသ ၁၄ ခုလုံးမှာ ကျေးလက်ဒေသတွေကအစ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေပေးမှာ ဖြစ်ပါတယ်။ ဒေါ်လာသန်း ၅၀၀ ဆိုတာ အလွန်များတဲ့ ပမာဏပါ။ ဒါပေမဲ့ စီမံကိန်းအားလုံးအတွက် ကတိက၀တ်တော့ မပြုရသေးဘူး။ အခြားစီမံကိန်းတွေက မကြီးပေမယ့် အလွန်အရေးကြီးပါတယ်။ ဥပမာ ရန်ကုန်စက်မှုတက္ကသိုလ် ပြန်လည်အဆင့်မြှင့်တင်ရေးအတွက် နည်းပညာ အကူအညီတွေပေးဖို့ ဂျပန်တက္ကသိုလ် တစ်ခုက ပူးပေါင်းဆောင်ရွက်ပေး မှာတွေ၊ UMFCCI မှာ ဂျပန်-မြန်မာစီးပွားရေးစင်တာ အစည်းအဝေးခန်းမ တည်ဆောက်ပေးမဲ့ စီမံကိန်းတွေ။ စီမံကိန်းတွေကတော့ အများကြီးပါပဲ။ ငှက်ဖျားရောဂါ၊ HIV/AIDS ရောဂါတိုက်ဖျက်ရေး၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းအသစ်တွေလည်း လာဦးမှာပါ။ အရင်တုန်းကတော့ စီမံကိန်းတွေက အများကြီးမရှိပါဘူး။ အခု နောက်ပိုင်းမှ များလာမှာ။
အရင်က စီမံကိန်းတွေလုပ်တဲ့အခါ အဓိကအခက်အခဲက ဘာတွေလဲ။
အရင်အစိုးရနဲ့ လုပ်ခဲ့တဲ့ စီမံကိန်းတွေမှာ အခက်အခဲအများကြီးတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်က စီမံကိန်းအကြီးကြီးတွေ မလုပ်ခဲ့လို့ပါ။ ရှိတဲ့ အခက်အခဲက အတတ်ပညာရှင်တွေ ပို့တဲ့အခါမှာပဲ ကြုံရတယ်။ ပညာရှင်လာတာကို တစ်ခါတလေ နားလည်မှုလွဲပြီး အမြင်မကြည်တာမျိုးပေါ့။
အခုစီမံကိန်းတွေအများကြီး လုပ်တဲ့အခါမှာရော အခက်အခဲကြုံရသေးလား။
စီမံကိန်းအကြီးကြီးတွေလုပ်တဲ့အခါ ကြုံရတာက ကျွန်တော်တို့ဘက်က လုပ်ချင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာ နှောင့်နှေးကြန့်ကြာတဲ့အတွက် အချိန်မီမပြီးနိုင်ဘဲ အချိန်ညှိညှိ လုပ်နေရတာပါပဲ။
အရင်က အကူအညီ နည်းနည်းပဲပေးရာက အခုအများကြီးပေးတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကြောင့်လား။
ဟုတ်ပါတယ်။
မြန်မာနိုင်ငံကိုပေးတဲ့ အကူအညီတွေက နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုတွေကြောင့်ဆိုတော့ မြန်မာနိုင်ငံရေး နောက်ကြောင်းပြန်သွားရင် မပေးတော့ဘူးပေါ့။
အရင်အစိုးရ ပုံစံအတိုင်း ကမ္ဘာက အသိအမှတ်မပြုတဲ့နိုင်ငံ ဖြစ်အောင်လုပ်ရင်တော့ ပေါ်လစီ အတိုင်းပဲ ပြန်ဖြစ်မယ်ထင်တယ်။ အခုလောလောဆယ်တော့ ကမ္ဘာက အသိအမှတ်ပြုတဲ့၊ ပြည်သူတွေအပေါ်မှာ ကောင်းအောင်လုပ်ပေးတဲ့ အစိုးရလို ဂျပန်ကလည်း လက်ခံလို့ အခုလို အကူအညီတွေ ပေးတာပါ။
မြန်မာနိုင်ငံအပြင် ကမ္ဘာပတ်ပြီး အကူအညီတွေပေးနေတဲ့ JICA ရဲ့ အတွေ့အကြုံအရ ဘက်စုံ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးအောင် ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဂျပန်နိုင်ငံက စစ်ရှုံးပြီးတော့ နှစ် ၅၀ လောက်ကြာမှ ဖွံ့ဖြိုးလာတာ။ ဗီယက်နမ်က ဖွံ့ဖြိုးအောင် နှစ် ၃၀ နီးနီးလုပ်ခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ ခန့်မှန်းတာ အနည်းဆုံး ငါးနှစ်၊ အကြာဆုံး ၁၀ နှစ်အတွင်းမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးလာတော့မယ်။ ဘာဖြစ်လို့ ဒီလို ခန့်မှန်းမိလဲဆိုရင် နေ့စဉ်နေ့တိုင်း မြန်မာလူမျိုးတွေနဲ့ စကားပြောတဲ့ အခါ ဂျပန်က ဖွံ့ဖြိုးပြီးနိုင်ငံဆိုပေမယ့် မြန်မာနိုင်ငံက နိမ့်ကျနေတယ်ဆိုပေမယ့် ဉာဏ်ရည်ဉာဏ်သွေးက အတူတူပဲ။ ဉာဏ်ရည်နိမ့်ကျနေတာမျိုး မတွေ့ရဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့ အဓိက ပြုပြင်ရမှာကတော့ လူတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ရမယ်။ ဖွံ့ဖြိုးရေးအတွက်တစ်ခုတည်းကို အရင်စလုပ်တာ မဟုတ်ဘဲနဲ့ အားလုံးတစ်ပြိုင်နက် လုပ်ရမယ်လို့ထင်တယ်။
ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုစိတ်ဝင်စားလာတာကတော့ ဘာကြောင့်လို့ထင်လဲ။
အခုဆိုရင် တရုတ်မှာ ဂျပန်က ကုမ္ပဏီတွေ သွားပြီးအလုပ်လုပ်ဖို့ ခက်နေပြီ။ ထိုင်းမှာကျတော့ ရေခဏခဏကြီးနေတယ်။ ဗီယက်နမ်ကျတော့ တဖြည်းဖြည်း လုပ်သားလခတွေ ကြီးလာပြီ။ ဒါကြောင့် ဘယ်ကိုသွားမလဲဆိုရင် နောက်တစ်နိုင်ငံ တွေ့တာက ကမ္ဘောဒီးယား။ ကမ္ဘောဒီးယားနဲ့ အတူ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ဖို့ စိတ်ဝင်စားနေကြတာပါ။
ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ မြေဈေးတွေက တအားတက်နေတော့ လာဖို့တန့်နေတယ် ကြားတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုထင်ပါသလဲ။
ဒါနဲ့ပတ်သက်ပြီး စိတ်ထဲမှာတော့ အမြဲတမ်းရှိတယ်။ မြန်မာနိုင်ငံကို သွားတိုင်းသွားတိုင်းက မြေဈေးတွေတက်တယ်။ ကျွန်တော်တို့အကုန်လုံး မျက်စိဒေါက်ထောက်ပြီး ကြည့်နေရပါတယ်။ အခုလောလောဆယ် အားလုံးက အာရုံစိုက်နေတာတော့ ရန်ကုန်တစ်နေရာတည်းမှာပါပဲ။ ရန်ကုန်က တဖြည်းဖြည်းနဲ့ စီးပွားရေး အဆင်ပြေသွားလို့ တိုးတက်သွားမယ်သာဆိုရင် ရန်ကုန်က မြေဈေးက တစ်ချိန်လုံးဈေးမတက်နိုင်ဘူး ထင်ပါတယ်။ ဒီ့အပြင်နေရာတွေ ဥပမာ-ရန်ကုန်ပြီးရင် မန္တလေး အဆင်ပြေသွားနိုင်တယ်။ ပညာရှင်တွေ ခန့်မှန်းတာတော့ အဲဒီလို မှန်းတယ်။ ရန်ကုန်မြို့က တိုးတက်လာပြီးရင် အနီးနားပတ်ဝန်းကျင်မှာရှိတဲ့မြို့တွေ ပြည်နယ်နဲ့ တိုင်းတွေ တိုးတက်ဖို့ အဓိကလုပ်ရမှာ ကတော့ တိုင်းပြည်မှာနေတဲ့ ပြည်သူလူထုနဲ့ အစိုးရက အဓိကပဲ။ တိုင်းရင်းသားလူမျိုးပေါင်းစုံမှာ တာဝန်ရှိပါတယ်။ မြန်မာဖွံ့ဖြိုး တိုးတက်သွားရင် မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေပါ ပိုဖွံ့ဖြိုးလာမယ်။ ကျွန်တော်တို့အတွက်လည်း ကူညီရကျိုးနပ်မယ်။
ဘာကြောင့် မြန်မာနိုင်ငံကို ကူညီတာလဲ။ ထပ်ပြီးတော့ရော ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။
အနာဂတ်မှာ မြန်မာနိုင်ငံဖွံ့ ဖြိုးလာဖို့ ဂျပန်အစိုးရရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေအတွက်ကို တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့အဖွဲ့က ကြိုးပမ်းပေးပါမယ်။ ကျွန်တော်တို့ မှန်မှန်ကန်ကန်နဲ့ မြန်မာနိုင်ငံကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် တံတားခင်းပေးမယ်။ ပြီးရင် အကုန်လက်လွှဲပေးမယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လုပ်သင့်တာကတော့ ဖူးပွင့်လာတဲ့ အသီးအပွင့်တွေကို ပြည်သူတွေ ခံစားရအောင် လုပ်ပေးဖို့ တာဝန်ရှိတာပါပဲ။ ကျွန်တော်တို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ ဖြိုးဆဲနိုင်ငံကို ထောက်ပံ့တဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ အစိုးရကို ထောက်ပံ့တယ်၊ ကူညီတယ်ဆိုတာ ပြည်သူပြည်သားကောင်းစားဖို့အတွက်ပါ။ ဒါကြောင့် ဖူးပွင့်လာတဲ့ အသီးအပွင့်အားလုံး ပြည်သူတွေပဲ စားသုံးရမယ်။ အရင်တုန်းက ရည်ရွယ်ချက်လည်း ဒီလိုပဲ။ နောင်လည်း ဒီလိုပါပဲ။
ကျေးဇူးတင်ပါတယ်။
ရးသားသူ- အားမာန် 7Days News Journal
No comments:
Post a Comment