Friday, February 15, 2013

မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် စစ်ဆေးဖို့ရှိ


လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒပြတဲ့ သံဃာတွေကို ဖြိုခွဲရမှာ အသုံးပြုခဲ့တဲ့ မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံရှိရာ နေပြည်တော် တပ်ကုန်းကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက် စစ်ဆေးဖို့ရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံးစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကနေ နေပြည်တော် တပ်ကုန်းမှာရှိတဲ့ ကပစ စက်ရုံကို သွားရောက်စစ်ဆေးဖို့ရှိပြီး စက်ရုံကလည်း ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ကပစစက်ရုံနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံ ၂၀ ကျော် ရှိနေပြီး အဲဒီအထဲကမှ ကပစ တပ်ကုန်းစက်ရုံကနေ မီးလောင်ဗုံးတွေကို ထုတ်လုပ်တာပါ။ 

မနှစ်က နိုဝင်ဘာ ၂၉ ရက်နေ့ မနက် အရုဏ်တက်ချိန်မှာ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြကြတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ကပစ တပ်ကုန်းစက်ရုံက လက်နက်တွေကို အသုံးပြုခဲ့တဲ့အတွက် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် စက်ရုံကို လာရောက်စစ်ဆေးတဲ့အခါမှာ မီးခိုးဗုံးတွေ ပစ်ပြဖို့ ကြိုတင်ပြင်ဆင်နေတာနဲ့ ပတ်သတ်ပြီး အဲဒီ ကပစ စက်ရုံနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က မီးခိုးဗုံးဟာ မျက်ရည်ယိုဗုံးလို့ပြောတယ်၊ မှန်ပါတယ်။ ဒါပေမယ့် ကပစကနေ ကျနော့်အသိတယောက်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် လာမစစ်ခင် ကပစကနေ ဘောလုံးကွင်းကို ပိတ်ပြီး အဲထဲမှာ ကပစကထုတ်တဲ့ မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေကို စမ်းတယ်တဲ့။ စမ်းတော့ တချို့ဗုံးတွေဟာ ယမ်းများလို့လား၊ တခုခုပဲ အချိန်အဆမရှိလို့လားမသိဘူးတဲ့ မီးထတောက်တယ်တဲ့။ မီးလုံးကြီးတွေ ထထတောက်တယ်တဲ့။ အဲမှာ အဲဒီ ထတောက်တဲ့ဗုံးတွေကို နံပါတ်မှတ်ပြီး ဖယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်လာတော့ မီးခိုးဗုံးပစ်ပြမှာပေါ့။ ခုနက မီးလောင်ဗုံး ပစ်မပြတော့ဘူးပေါ့။ ဒါပေမယ့် မီးလောင်ဗုံးက တကယ်ဟုတ်တယ်။”

လက်ပန်းတောင်းတောင် သပိတ်ဖြိုခွဲရာမှာ စစ်တပ်သုံး ဓာတုပစ္စည်းတွေကို သုံးစွဲခဲ့တယ်လို့ လွတ်လပ်တဲ့ စုံစမ်းသူတွေက ပြောဆိုထားပါတယ်။

မနေ့က မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်ဖြိုခွဲရာမှာ မီးလောင်တဲ့အဖြူရောင် မီးစုန်းဓာတ် (white phosphorus) ပစ္စည်းတမျိုးကို အသုံးပြုခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။


မင်းလွင် DVB ၁၅ ဖေဖေါ်ဝါရီ ၂၀၁၃ 

လက်ပံတောင်းစီမံကိန်း ဦးပိုင်နှင့်ဝမ်ပေါင် အာဏာအလွဲသုံးစားပြုဟု ရှေ့နေကွန်ရက်ထုတ်ပြန်



စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ သိမ်းယူရာတွင်  တရုတ် ၀မ်ပေါင်ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီတို့က အာဏာ အလွဲသုံးစားပြုခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရှေ့နေများကွန်ရက် (မြန်မာနိုင်ငံ) က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုလိုက်သည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် ဥပဒေဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း တခုဖြစ်သည့် Justice Trust နှင့် ရန်ကုန်မြို့အခြေစိုက် ရှေ့နေ့များကွန်ရက် (မြန်မာနိုင်ငံ) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်းသော အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်ခံစာတွင် အပိုင်း ၆ ပိုင်း ပါဝင်ကြောင်း၊  အဓိကအားဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ချိန်မှစပြီး ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲသည်အထိ တရားဥပဒေနှင့် မညီသော ပြုမူလုပ်ဆောင်ချက်များစွာ ပါဝင်ကြောင်း အစီရင်ခံစာက ဆိုသည်။
အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီရေး သုံးသပ်ချက်၊ လက်ပံတောင်းတောင် စာချုပ်စာတမ်းနှင့် ပဋိဉာဉ်ဥပဒေကို သုံးသပ်ချက်၊ ၀မ်ပေါင်နှင့် ဦးပိုင်တို့က စီမံကိန်းအတွက် ရွာသူရွာသားများအား လယ်မြေများအတွက် သဘောတူ လက်မှတ်ထိုးစေရန် တွန်းအားပေးခဲ့သော အခြေအနေ သုံးသပ်ချက်၊ ဆန္ဒပြမှုအပေါ် ဥပဒေအရ ငြင်းပယ်မှုအပေါ် သုံးသပ်ချက်၊ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများကို အင်အားသုံးနှိမ်နင်းရန် တွန်းအားပေးခဲ့သော အခြေအနေရှင်းပြချက်၊ ဆန္ဒပြသူများကို အဖြူရောင် မီးစုန်းပစ္စည်း ပါဝင်သော စစ်သုံးလက်နက်ဖြင့် ဖြိုခွင်းခဲ့မှုအပေါ် လေ့လာ ဆန်းစစ်ချက်ဟူ၍ အပိုင်းခြောက်ပိုင်း ပါဝင်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်သော ၀မ်ပေါင်ကုမ္ပဏီသည် တရုတ်စစ်တပ်ပိုင် ကာကွယ်ရေးကုမ္ပဏီ ဖြစ်သည့် တရုတ်နိုင်ငံမြောက်ပိုင်း စက်မှုကော်ပိုရေးရှင်း NORINCO ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် အတိအလင်း ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ်က တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်နှင့် ထိုစဉ်က စစ်အစိုးရ၀န်ကြီးချုပ်ရာထူး တာဝန် ထမ်းဆောင်နေသော ဦးသိန်းစိန်တို့အကြား နှစ် ၆၀ စာချုပ်ဖြင့် လက်မှတ်ရေးထိုး သဘောတူခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ဆောင်ရွက်ရာတွင် ဒေသခံများ ပိုင်ဆိုင်သော လယ်မြေများကို ဒေသခံအစိုးရအဖွဲ့အာဏာပိုင်များနှင့် ကုမ္ပဏီ တာဝန်ရှိသူများက ဒေသခံများ၏ သဘောဆန္ဒမပါဘဲ စာချုပ်များတွင် လိမ်လည်လှည့်ဖြားသော နည်းလမ်းမျိုးစုံ အသုံးပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဒဏ်ခတ်ခြင်း စသည့် အာဏာအလွဲသုံးစားပြုကာ သိမ်းယူခြင်းများ ပြုလုပ်စေခဲ့ကြောင်း၊စာချုပ်စာတမ်း များကိုလည်း ဒေသခံများကို ပေးအပ်ခြင်းမပြုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“ဒီစာရွက်စာတမ်းတွေမှာ ဘာတွေရေးပြီးတော့ လက်မှတ်ထိုးခိုင်းတယ် ဆိုတာ ကျနော်သိဖို့ အရေးကြီးပါတယ်။ အဲဒီ စာရွက်စာတမ်းက စာချုပ်ချုပ်တယ်လို့သာ ပြောရတယ်၊ အသိသက်သေလည်း မရှိဘူး။ အသိသက်သေ လက်မှတ်ထိုးရတဲ့ စာရွက်စာတမ်း အမျိုအစားလည်း မဟုတ်ဘူး၊ လက်မှတ်ပဲပါတဲ့ စာရွက်မိတ္တူကိုလည်း ဒေသခံတွေကို မပေးခဲ့ဘူး” ဟု
ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
အစီရင်ခံစာတွင် အဓိက ရည်ရွယ်ချက် သုံးချက်ကိုလည်း ရေးသားဖော်ပြထားပြီး လယ်မြေများကို ကြေးနီသတ္တုမိုင်း အသုံးပြုရေး အတွက် ၂၀၁၁ ခုနှစ် ဧပြီလတွင် ဒေသခံရွာသူရွာသားများအား အတင်းအကျပ် စာချုပ်လက်မှတ် ရေးထိုးစေမှု၊ ပြည်သူများ၏ ငြိမ်းချမ်းစွာ စုရုံးခွင့်ကို ရဲတပ်ဖွဲ့က အကြိမ်ကြိမ်တားမြစ်ပယ်ချခြင်းသည် ဥပဒေနှင့်ကိုက်ညီမှု ရှိမရှိ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက် လူစုခွဲခြင်းသည် ဥပဒေနှင့် ကိုက်ညီမှုရှိမရှိတို့ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခွင့်အရေးဖြစ်သည့် ပြည်သူများ ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို အသုံးပြု၍ အကြိမ်ကြိမ် ပိတ်ပင်ခဲ့ကြောင်း၊ကြေးနီတောင် စီမံကိန်းအတွက် ဒေသခံ ပြည်သူများက ပြည်သူများ ငြိမ်းချမ်းစွာ စုဝေးလှည့်လည်ခွင့် တောင်းဆိုချက်ကို ဒေသခံ ရဲအရာရှိက ၁၁ ကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့ကြောင်း ရှေ့နေကွန်ရက်မှ ဦးသိန်းသန်းဦးက ပြောသည်။
“ခွင့်ပြုချက်ရဖို့ ရဲတပ်ဖွဲ့ကို ခွင့်ပြုချက်တောင်းရမယ် ဆိုကတည်းက ရဲက ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အပေါ်ကို ရောက်နေတယ်။ ရဲဆိုတာမျိုး ကလည်း လုံခြုံရေးအမြင်နဲ့ပဲ ကြည့်တော့ ခွင့်ပြုချက်ရဖို့က မလွယ်တော့ဘူး” ဟု ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ရဟန်း သံဃာတော်များနှင့် ပြည်သူများကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့ရာတွင် အသုံးပြုခဲ့သည့် ဗုံးအပိုင်းအစနှင့် သက်သေခံပစ္စည်းများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံတကာ အသိအမှတ်ပြု ဓာတ်ခွဲခန်းတခုသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးချက်များ အရ  စစ်ဘက်ဆိုင်ရာသုံး လက်နက်ဖြစ်သော ဖော့စ်ဖောရက်စ် ပါဝင်သော လက်ပစ်ဗုံးများကို အသုံးပြုခဲ့သည်ကို ဓာတ်ခွဲခန်း အဖြေများအရ သိရှိရကြောင်း အစီရင်ခံစာတွင် တရားဝင်ဖော်ပြထားသည်။
“စစ်ဘက်သုံး လက်နက်ဖြစ်တဲ့ ဖော့စ်ဖောရက်စ် မီးစုံးဖြူ မီးခိုးလက်ပစ်ဗုံးက ရဲတပ်ဖွဲ့ဆီမှာ ရှိနေတာ မေးခွန်းထုတ်စရာပဲ။ တိုက်ပွဲတွေမှာ ဒီဗုံးကိုသုံးရင် လူရှိရာကို တိုက်ရိုက်ပစ်ခတ်လေ့မရှိဘူး” ဟု အစီရင်ခံစာကို ရှေ့နေကွန်ရက်နှင့် ပူးတွဲ ရေးသားခဲ့သော အမေရိကန် Justice Trust မှ ပါမောက္ခ ရော်ဂျာနော်မင်က ပြောသည်။
ရှေ့နေများ ကွန်ရက်၏ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာကို ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ ဖေဖော်ဝါရီလ ၄ ရက်နေ့ရက်တွင် ပေးပို့ခဲ့ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားထံသို့  တွေ့ဆုံပေးအပ်ခဲ့သည်ဟု သိရှိရသည်။
လက်ပံတောင်း ဒေသခံများကမူ ဒေါ်အောင်ဆန်းစုကြည်၏ လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထုတ်ပြန်မည့် အစီရင်ခံစာကို မျှော်လင့်ချက်ကြီးစွာ စောင့်ဆိုင်းနေကြသည်ဟု သိရှိရသည်။
“ကျမတို့က ကော်မရှင် အစီရင်ခံစာကို စောင့်နေတယ်။ အဲဒီအပေါ်မှာပဲ မူတည်ပြီးတော့ အလုပ်ဆက်လုပ်သွားမယ်” ဟု လက်ပံတောင်းတောင်အရေး ဦးဆောင်လှုပ်ရှားခဲ့သူ မသွဲ့သွဲ့ဝင်းက ပြောသည်။

ကာမစိတ်ထကြွစေသည့် ဆေးများဖမ်းဆီးရမိ



၁၂-၂-၂ဝ၁၃ ရက်နေ့ ၁၆၃၅ အချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ဇေယျဝတီရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဇေယျဝတီတိုက်နယ်ဆေးရုံမှ ဒေါက်တာ ဇော်သိန်းကျော်  တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဈေးပိုင်း ရပ်ကွက်အတွင်းရှိ ဦးအုန်းပရာကပ်၏ နေလဆေးစတိုးဆိုင်အား သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှိဖွေရာ ဦးအုန်းပရာကပ် (၅၅)နှစ်၏ ဆိုင်အတွင်းမှ   POSH,POLY  WAY,MAX  MAN,DrX-100, CHAMP,FOOTBALL  HELPMEET,POWER  VIGIRA,  SPIDER  KING,RED  SPIDER,TIANLONGSHE-120J  စာတမ်းများပါ ကာမစိတ်ကြွအားဆေး (၄၆)ဗူးနှင့် (၂၆)ထုပ်အား သိမ်းဆည်းရမိခဲ့၍ ဦးအုန်းပရာကပ်အား ဇေယျဝတီရဲစခန်း (ပ)၅၂/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့်အမှုဖွင့်အရေးယူခဲ့သည်။
အလားတူ ၁၇၃၅ အချိန် အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးပိုင်းရပ်ကွက်အတွင်းရှိ ကိုစူစီကျန်း၏ စံပြဆေးစတိုး ဆိုင်အား သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်အတွင်းမှ BIG  BOY,LADY  VIRGLS,BECK  HAN,VIRGIN,DrX-100, BIOTIN တံဆိပ်များပါ ကာမစိတ်ကြွအားဆေးပါ(၁၃)ဗူး အားရှာဖွေတွေ့ရှိခဲ့၍  ကိုစူစီကျန်းအား ဇေယျဝတီရဲစခန်း(ပ)၅၃/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ အဖြင့်အမှုဖွင့်ခဲ့သည်။
ထို့ပြင် ၁၇၅ဝ အချိန် အဆိုပါပူးပေါင်းအဖွဲ့သည် ဈေးပိုင်းရပ်ကွက်ရှိ ကိုရာကျမ်း(၂၂)နှစ်၏ အေးရတနာ ဆေးစတိုးဆိုင်နှင့် ကိုပရမနန်း(၄၇)နှစ်၏ မြစံပယ်ဆေးစတိုးဆိုင်တို့အား ဝင်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကိုရာကျမ်း၏ အေးရတနာဆေးစတိုးဆိုင်အတွင်းမှ BIOTIN စာတမ်းပါ အမျိုးသားကာမအားဆေး(၂)ဗူးအား ရှာဖွေတွေ့ရှိခဲ့၍ ဇေယျဝတီရဲစခန်း(ပ)၅၄/၂ဝ၁၃၊ အမျိုးသားဆေးဝါး အက်ဥပဒေပုဒ်မ ၁၈ အရ လည်းကောင်း၊ ကိုပရမနန်း(၄၇)နှစ်၏ မြစံပယ်ဆေးစတိုးဆိုင်မှ CHAMP နှင့် DrX-100 စာတမ်းပါ အမျိုးသား ကာမစိတ်ကြွအားဆေးပါ (၆)ဗူးအား တွေ့ရှိခဲ့၍  ကိုပရမနန်းအား (ပ)၅၅/၂ဝ၁၃၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ ၁၈ ဖြင့်လည်းကောင်းအသီးသီး အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။
ထို့အတူ ၁၃-၂-၂ဝ၁၃ ရက်နေ့ ၁၄ဝဝ အချိန် ရမည်းသင်းရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် သက်သေများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ဝါတိုးရပ်ကွက်၊ သလဝလမ်း တောင်ဘက်ခြမ်းရှိ စိုးလွင်(၄ဝ)နှစ်၏ ‘‘ဦးဟာရွန် မိသားစု ဆေးနှင့်စတိုးဆိုင်’’ အား ဝင်ရောက်ရှာဖွေခဲ့ရာ CHAMP, POSH, CRAN  DINO  DONG-77, MAX  MAN  CAPSULES  စာတန်းပါ ကာမစိတ်ကြွဆေး ၃ဝ၅ ဘူးနှင့် အထုပ် ၁၄ ထုပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးလွင်အား ရမည်းသင်းရဲစခန်း(ပ)၃၂ /၂ဝ၁၃၊ အမျိုးသားဆေးဝါးများအက်ဥပဒေပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


                                                                                                     fr - ရဲဇာနည်

Thursday, February 14, 2013

ချစ်သူများနေ့ ဖြစ်ပေါ်လာရခြင်းအစ ...VALANTINE's DAY

 


ရောမအင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမစစ်ဘုရင်တို့ သွေးဆူနေချိန် ဖြစ်ပါတယ်။


စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ 

စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောင်္ကျားတွေကို စုဆောင်း ရလေလေ၊

 ယောင်္ကျားလေးတွေ စစ်ထဲဝင်တာများလေလေ၊ အမျိုးသမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ 

မိသားစုကို လွမ်းလေလေ၊ အိမ်ပြန်ချင်လေလေ၊ အစရှိသဖြင့် သံယောဇဉ်နှောင်ကြိုးပေါင်း 

များစွာကြောင့် စစ်မှာ ခရီးမရောက်ဘူးလို့ အင်ပါယာကြီးထင် ယူဆပါတယ်။



ဒီတော့ အကောင်းဆုံးက သံယောဇဉ် ဖြတ်ခြင်းပါပဲ။ ယောင်္ကျားဆိုတာ စစ်တိုက်ဖို့မွေးတယ်။ ချစ်ဖို့၊ 

သံယောဇဉ်တွယ်မဟုတ်ဘူးဆိုတဲ့ တစ်ယူသန် တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ 

မင်္ဂလာ မဆောင်ရ အစရှိတဲ့ ရူးကြောင်ကြောင် ဥပဒေများကို ထုတ်ပါတယ်။ ဥပဒေက 

ရူးကြောင်ပေမယပ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ 

မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို

 သေဒဏ်ပေးပါတယ်။



ဒီတော့ ဘယ်သူမှ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ 

ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း 

ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။



အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း အဆင်သင့် 

ရှိနေတော့ တိတ်တိတ်ပုန်း မင်္ဂလာပွဲက ရောမမှာ ခေတ်စားလာပါတယ်။ ဒီတော့ Valentine ဆိုတာ 

လူချစ်လူခင်ပေါတဲ့ ဘုန်းတော်ကြီး ဖြစ်လာပါတယ်။ ဒီသတင်းကို တစ်နေ့တော့ အုပ်ချုပ်သူတွေ 

သိမယ်ဆိုတာကိုလည်း Valentine က ထည့်တွက် ပြီးသား ဖြစ်ပါတယ်။



တစ်နေ့ Valentine ကို ရောမ စစ်သည်တို့လာဖမ်း ပါတယ်။ နေ့စဉ်နှိပ်စက် မှု ကြောင့်

 သေလုနီးနီးဖြစ်နေပါပြီ။ သေဒဏ်ပေးခါနီးတစ်ရက်တော့ သူ့သမီးဆီကို Your Valentine ဆိုတဲ့ 

စာလေးပဲ ရေးထားတဲ့ ကဒ်ကလေး ပို့ပါတယ်။ ထောင်စောင့်ကလည်း Valentine ကို သနားပြီး 

ကူညီတဲ့သူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အေဒီ ၂၆၉၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကျတော့ သေဒဏ်ချမှတ်ခံရပြီး 

ကွယ်လွန် သွားပါတော့တယ်။



ဒီတော့ Valentine သေဆုံးမှုအတွက် ရောမမြို့ ကြီးတစ်ခုလုံး ဝမ်းနည်းကြပြီး သမိုင်းမှာ မေ့မရတဲ့

 နေ့လေး ဖြစ်ခဲ့ပါတယ်။ Valentine ကွယ်လွန်ပြီးနောက် ရောမမှာ စစ်လိုလားကြမေယ့် မချစ်ရ၊

မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ ဥပဒေကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ် သွားပါတယ်။



ဒီတော့ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရောက်တော့ ချစ်သူနှစ်ဦးကြား၊ ချစ်ကြသူကြား တွေ့ဆုံအောင် 

အသက်ပေးလို့ ကြိုးစား စွမ်းဆောင် ဖန်တီးပေးခဲ့တဲ့ ဘုန်းတော်ကြီး Valentine ကို ဂါရဝပြု၊ 

လွမ်းဆွတ်တဲ့ အနေနဲ့ Valentine ကဒ်များ ပို့ကြပါတယ်။ From your valentine ဆိုပြီး ကဒ်ပို့တဲ့ 

ယဉ်ကျေးမှုက ခေတ်စားလို့လာပါတယ်။ ခရစ်ဘာသာဝင်တွေ မှာတင်မဟုတ်တော့ပဲ ကမ္ဘာအနှံ့မှာ 

အသိအမှတ်ပြုတဲ့နေ့ အထိမ်း အမှတ်လေး ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တိုင်းမှာ ချစ်သူတို့ 

လက်ဆောင်လဲလှယ်ခြင်း၊ မုန့်ကျွေးခြင်း၊ ကဒ်ပေးခြင်း၊ ပါတီပွဲ ပြုလုပ်ခြင်း အစရှိသဖြင့် 

ယဉ်ကျေးမှုအမျိုးမျိုး ပေါ်ထွန်းလာ ပါတယ်။ ချောကလက် ပေးတာဟာလည်း Valentine's Day ရဲ့  

အထိမ်းအမှတ် ဖြစ်လာပါတယ်။



ယနေ့အချိန်မှာ Valentine's Day ကို ကမ္ဘာအနှံ့မှာ များသောအားဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ 

ကျင်းပလေ့ ရှိကြောင်း သိရပါတယ်။





          (Credit to International news myanmar/photo google image/ Happy Valentine)

Valentine Day တွင် တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်





ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူ များနေ့တွင် လိင်ဆက်ဆံရာမှ ကူးစက်နိုင်သော ရောဂါများနှင့် 

တန်ဖိုးထားရမည့် အပျိုစင် ဘဝဆိုင်ရာ ပညာပေး လက်ကမ်း စာစောင် များ ဝေမည်ဟု သိရသည်။

ချစ်သူများနေ့တွင် ပညာပေး လက်ကမ်း စာစောင်များအား ကန် တော်ကြီး ဥယျာဉ်၊ အင်းလျားကန်၊ 

ပြည်သူ့ ရင်ပြင် စသည့်လူငယ်များ သွားလာတတ်သည့် နေရာများ တွင် အဓိကထား ပေးဝေသွားမည် 

ဖြစ်ကြောင်း သိရသည်။

ယင်းပညာပေး လက်ကမ်း စာစောင်များကို လူငယ် ဖွံ့ဖြိုးမှု အစီအစဉ် (Youth Development 

Programme) တွင် သင်တန်းတက် ရောက်ခဲ့သည့် လူငယ် အဖွဲ့များမှ လှုပ်ရှား ဆောင်ရွက်ကြမည်ဖြစ် 

ကြောင်း သိရသည်။

”အရင် နှစ်တွေကတော့ Valentine Day ကို ရည်ရွယ်ပြီး ပညာပေး အစီအစဉ်တွေ လုပ်တယ်။ 

အခုနှစ်ကျတော့ လုပ်နေကျပုံမှန် လုပ်ဆောင်မှုတွေပဲ ရှိတယ်။ မလို အပ်လို့ မလုပ်တာတော့ မဟုတ်ဘူး။ 

သင်တန်း ပေးထားတဲ့ လူငယ်အဖွဲ့ လေးတွေက သူတို့ ကိုယ်တိုင်လုပ်မှာ မို့လို့ပါ”ဟု YDP မှ Junior 

Project Officer ကိုဇင်မိုးဝင်း က ပြောသည်။

YDP သည် လူငယ်များအား လိင်ပညာပေး နှင့် သိသင့်သိထိုက်သည် များကို သင်တန်းပေးခြင်း ဖြစ်ပြီး 

ရန်ကုန်တွင် သင်တန်းပေးသည်မှာ ၇၁ ကြိမ် ရှိပြီဖြစ် ကာ တောင်ကြီး၊ တောင်ငူ၊ ပုသိမ်၊ မန္တလေး 

စသည့် နေရာများတွင် သာမက စက်ရုံ၊ အလုပ်ရုံများနှင့် တက္ကသိုလ် ကောလိပ်များတွင် လည်း လူငယ် 

များအား ပညာပေး ကြောင်း သိရသည်။   

PPL

တကယ် ယုံလိုက် ရတော့မှာလား ... 1st April ?





 ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

''ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ''ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။
ပြည်သူတို့ အလွယ်တကူ ဝယ်ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။
အစိုးရက ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်းများ ရောင်းချပေးမည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက ...ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။
''မူကိုက တကယ်ကျသွား အောင်ကို လုပ်ရမယ်လေ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ'' ဟု ဦးစိုးသိန်းက ဆက်ပြောသည်။

ဆက်သွယ်ရေးသတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အများဝမ်းမြောက်ဝမ်းသာဖြစ် မည့် ဈေးနှုန်းတစ်ခုဖြင့် ဖုန်းများ ရောင်း ချပေးမည့်အကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။  
PPL

ပထမ အကြိမ် မြန်မာ့ ကျန်းမာရေးပြပွဲ ကျင်းပပြုလုပ်မည်။



ပထမ အကြိမ် မြန်မာ့ ကျန်းမာရေးပြပွဲကို ဦးဝိစာရလမ်း ရှိ တပ်မတော် ခန်းမတွင် ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက် အထိ ကျင်းပ သွားမည်ဟု သိရသည်။

အဆိုပါ ကျန်းမာရေး ပြပွဲတွင် ဆေးပြခန်း ၈၇ ခန်း၊ ဆေးပစ္စည်း ပြခန်း ၃၂ ခန်း၊ ပြည်တွင်းပြည်ပ ပုဂ္ဂလိက ဆေးရုံ ဝန်ဆောင်မှု လုပ်ငန်းများ ပြခန်း ၇ ခန်း၊ မြန်မာဆေးဝါး လုပ်ငန်းစက်ရုံ (ပြင်ဦးလွင်)မှ ထုတ်လုပ်သော ဆေးဝါး များပြခန်း၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းပြခန်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံ လုပ်ငန်းရှင်များ အသင်းပြခန်း၊ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနပြခန်း စသည်ဖြင့် စုစုပေါင်း ပြခန်း ၁၃ဝ ဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်းမှ သိရ သည်။

ပြခန်းများ အပါအဝင် အများပြည်သူများ ကျန်းမာရေး ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျန်းမာရေး ဆိုင်ရာ ဟောပြောပွဲ များကိုလည်း ပြုလုပ်သွားမည်ဟု သိရသည်။
၎င်းပြပွဲအား မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များ အသင်း မှ ကြီးမှူး၍ ကုန်သည် စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းနှင့် မြန်မာနိုင်ငံ ပုဂ္ဂလိက ဆေးရုံ လုပ်ငန်းရှင်များ အသင်း တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 


PPL & Photo Internet

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS