မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် စစ်ဆေးဖို့ရှိ


လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းဖို့ ဆန္ဒပြတဲ့ သံဃာတွေကို ဖြိုခွဲရမှာ အသုံးပြုခဲ့တဲ့ မီးခိုးဗုံးထုတ်တဲ့ ကပစ စက်ရုံရှိရာ နေပြည်တော် တပ်ကုန်းကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက် စစ်ဆေးဖို့ရှိနေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံးစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကနေ နေပြည်တော် တပ်ကုန်းမှာရှိတဲ့ ကပစ စက်ရုံကို သွားရောက်စစ်ဆေးဖို့ရှိပြီး စက်ရုံကလည်း ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ ကပစစက်ရုံနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းက သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်တဲ့စက်ရုံ ၂၀ ကျော် ရှိနေပြီး အဲဒီအထဲကမှ ကပစ တပ်ကုန်းစက်ရုံကနေ မီးလောင်ဗုံးတွေကို ထုတ်လုပ်တာပါ။ 

မနှစ်က နိုဝင်ဘာ ၂၉ ရက်နေ့ မနက် အရုဏ်တက်ချိန်မှာ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြကြတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ကပစ တပ်ကုန်းစက်ရုံက လက်နက်တွေကို အသုံးပြုခဲ့တဲ့အတွက် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သွားရောက်စစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် စက်ရုံကို လာရောက်စစ်ဆေးတဲ့အခါမှာ မီးခိုးဗုံးတွေ ပစ်ပြဖို့ ကြိုတင်ပြင်ဆင်နေတာနဲ့ ပတ်သတ်ပြီး အဲဒီ ကပစ စက်ရုံနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က မီးခိုးဗုံးဟာ မျက်ရည်ယိုဗုံးလို့ပြောတယ်၊ မှန်ပါတယ်။ ဒါပေမယ့် ကပစကနေ ကျနော့်အသိတယောက်ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် လာမစစ်ခင် ကပစကနေ ဘောလုံးကွင်းကို ပိတ်ပြီး အဲထဲမှာ ကပစကထုတ်တဲ့ မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေကို စမ်းတယ်တဲ့။ စမ်းတော့ တချို့ဗုံးတွေဟာ ယမ်းများလို့လား၊ တခုခုပဲ အချိန်အဆမရှိလို့လားမသိဘူးတဲ့ မီးထတောက်တယ်တဲ့။ မီးလုံးကြီးတွေ ထထတောက်တယ်တဲ့။ အဲမှာ အဲဒီ ထတောက်တဲ့ဗုံးတွေကို နံပါတ်မှတ်ပြီး ဖယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်လာတော့ မီးခိုးဗုံးပစ်ပြမှာပေါ့။ ခုနက မီးလောင်ဗုံး ပစ်မပြတော့ဘူးပေါ့။ ဒါပေမယ့် မီးလောင်ဗုံးက တကယ်ဟုတ်တယ်။”

လက်ပန်းတောင်းတောင် သပိတ်ဖြိုခွဲရာမှာ စစ်တပ်သုံး ဓာတုပစ္စည်းတွေကို သုံးစွဲခဲ့တယ်လို့ လွတ်လပ်တဲ့ စုံစမ်းသူတွေက ပြောဆိုထားပါတယ်။

မနေ့က မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုဝင်ဘာ ၂၉ ရက်နေ့က သပိတ်ဖြိုခွဲရာမှာ မီးလောင်တဲ့အဖြူရောင် မီးစုန်းဓာတ် (white phosphorus) ပစ္စည်းတမျိုးကို အသုံးပြုခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။


မင်းလွင် DVB ၁၅ ဖေဖေါ်ဝါရီ ၂၀၁၃ 

Comments

Popular posts from this blog

ဝဋ်ကြွေးတော်ပြေ စေတီတော် ထီးတော်တင်လှူပွဲ