နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သားအစိုးရအဖွဲ့မှ နိုင်ငံတော်ကို ခေတ်မီ တိုးတက်သော ၊ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတောအဖြစ် ထုဆစ်ပုံဖေါ် တည်ဆောက်ရာ၌ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good Governnce) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ဟူသော စူး ၊ ဆောက် ကိရိယာများဖြင့် ထုဆစ် ပုံဖေါ်တည်ဆောက်သွားမည် ဟု ဆိုခဲ့သည်။
အမှန်တကယ် သန့်ရှင်းသော အစိုးရအဖွဲ့ဖြစ်စေရန် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အဓိကထား ဆောင်ရွက်ကြရမည် ဖြစ်ပေသည်။ နိုင်ငံ တစ်နိုင်ငံတွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖေါ် မဆောင်ရွက်နိုင်သမျှ ယင်းအစိုးရသည် သန့်ရှင်းသော အစိုးရအဖြစ် မည်သည့် အခါမှ ပေါ်ထွန်းလာမည် မဟုတ်ပေ။ ထိုအခါ တရားဥပဒေစိုးမိုးရေးမရှိ မှန်ကန်သော တရားစီရင်ရေးဆိုသည်မှာ ဗလာနတ္ထိ ၊ အဂတိလိုက်စားမှုများက မှိုလိုပေါက်ကာ တိုင်းပြည်ပါ ရေစုန်မျော လိမ့်မည် ဖြစ်သည် ။
အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး မဟတ္တမဂန္ဒီကြီး၏ အဆိုအမိန့် တစ်ရပ်တွင် နိုင်ငံတစ်နိုင်ငံတွင်
" ဘယ်သူ အုပ်ချုပ်တယ်ဆိုတာ အရေးမကြီးပါဘူး သူ ဘယ်လို အုပ်ချုပ်တယ်ဆိုတာပဲ အရေးကြီးပါတယ်"
ဟု - မိန့်ကြားခဲ့ဖူးသည်။ ယင်းကို ထောက်ရှုခြင်းအားဖြင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်သည် အလွန်အရေးကြီးကြောင်း ထင်ရှားပါသည်။
ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန် နိုင်ငံတော် အစိုးရအနေဖြင့် တရားမျှတသည့် ဥပဒေ ၊ နည်းဥပဒေ ၊ စည်းမျဉ်းစည်းကမ်း ၊ အမိန့်ညွှန်ကြားချက်များကို နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးအတွက် ရေးဆွဲချမှတ်ရန် လိုသကဲ့သို့ နိုင်ငံတော် အစိုးရအနေဖြင့်လည်း မိမိကိုယ်တိုင် လေးစားလိုက်နာ ကျင့်သုံးရန် လိုအပ်ပါသည်။
တနည်းဆိုရသော် တရားစီရင်ရာတွင် တရားနှင့်ဓား တစ်သွားတည်းကျလျှက် အမှန်တရားကို ဖေါ်ထုတ်ရန် လိုပါသည်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း မဖြစ်ရန် လိုပါသည်။ သို့မှသာ ပြည်သူက တရားကိုစောင့်ပြီး တရားကပြည်သူကိုစောင့်ကာ အပြန်အလှန် အကျိုးပြုမည်ဖြစ်ပေသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် သန့်ရှင်းသော အစိုးရဟူသော ဆောင်ပုဒ်ကို မှန်ကန်တိကျစွာ ကျင့်သုံးကြရမည်ဖြစ်ပြီး ဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အမိန့်ညွှန်ကြားချက်များသည် စာအုပ်ကြီးထဲတွင် ချကိုက်ခံမနေပဲ မိမိကိုယ်တိုင်နှင့် နိုင်ငံဝန်ထမ်းတိုင်း နိုင်ငံသူနိုင်ငံသားတိုင်း စိတ်ဓာတ်ကောင်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရန် အမြဲလေ့ကျင့်လိုက်နာရန်လည်း အထူးလိုအပ်ပါသည်။
တစ်ချိန်က အုပ်ချုပ်သူ အာဏာရှင်အစိုးရကိုသာ ဗဟိုပြုအုပ်ချုပ်သည့်စနစ်သည် လုံးဝ
ဆိတ်သုဉ်းပြီး ပြည်သူကို ဗဟိုပြုသော ဒီမိုကရေစီ စနစ်သည် ပေါ်ထွန်းစ ပြုလာနေပြီဖြစ်သည်။ ထို့ကြောင့် မွေးကင်းစ ဒီမိုကရေစီစနစ်ကို ပုံမှန်ကြီးထွားကြံ့ခိုင်စေရန်အတွက် နိုင်ငံတော်အစိုးရ သည် (Transparency) ပွင့်လင်း မြင်သာစွာဖြင့် ပြည်သူပြည်သားများ၏ စစ်မှန်သော ၊ တရားမျှတသော ၊ လူ့အခွင့်အရေးနှင့် အကျိုးတရားများကို စနစ်တကျ အကျိုးပြုသည့် ပြည်သူများ နားလည်နိုင်သည့် တရားဥပဒေများကို ပြဌာန်း ဆောင်ရွက်ပေးရန် တာဝန် အပြည့်အ၀ ရှိနေပါသည်။
အုပ်ချုပ်သူလူတန်းစား (အစိုးရ) နှင့် အုပ်ချုပ်ခံလူတန်းစား (နိုင်ငံသူနိုင်ငံသားများ) ကိုယ်ကျင့်တရား ကောင်းမွန်လာသည်နှင့်အမျှ စည်းကမ်းပြည့်ဝသည်နှင့်အမျှ ဒီမိုကရေစီ စနစ်မှ သီးပွင့်လာမည့် လူ့အခွင့်အရေးများ ၊ လွတ်လပ်မှု့ တရားမျှတမှု့ ဟူသော အကျိုးတရားများကို မုချမသွေ ခံစား စံစား ကြရပေလိမ့်မည်ဖြစ်ပေသည်။
နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ရှိလျှင် တရားမျှတမှုသည် အလိုအလျှောက် ရှိလာပေမည် ။ တရားဥပဒေစိုးမိုးရေးဖြစ်စေရန်အတွက် တရားစီရင်ရေးတိမ်းစောင်းခြင်း (Miscarriage of Justic) မဖြစ်ပေါ်စေရန် အထူးအရေးကြီးပါသည်။
စိုးညွန့် ရန်ကုန်တက္ကသိုလ် (Myanmar Arts & News Media)
>>> ဆက်လက် ဖေါ်ပြပါအုံးမည်။<<<