Thursday, March 28, 2013

သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် တွေ့ဆုံခြင်း


မိတ္ထီလာတွင်ဖြစ်ပေါ်နေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခနှင့်ပတ်သက်၍ The Voice Weekly က သီတဂူဆရာတော်

 ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆက်သွယ် မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။



Voice : အခု မိတ္ထီလာမှာဖြစ်နေတဲ့ ဘာသာရေး အသွင်ဆောင် ပဋိပက္ခနဲ့ပတ်သက်ပြီး ဆရာတော့် အမြင်ကို မိန့်ပါဘုရား။ 

ဆရာတော် : ကမ္ဘာမြေကြီးပေါ်မှာ နေကြတဲ့လူတွေဟာ ကိုးကွယ်တဲ့ ဘာသာတရားတွေ၊ အသားအရောင်တွေ၊ ဓလေ့ထုံးစံတွေ မတူကြပေမယ့် 

တူတာတွေ အများကြီးရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်၊ ဗုဒ္ဓဘာသာ ဒီလိုဘာသာကြီးလေးခု ကွဲပေမယ့် ချစ်ခြင်းမုန်းခြင်း ဆိုတဲ့အပေါ်မှာ 

အားလုံးတူတယ်။ တူနေတဲ့အပေါ်မှာ အကုန်လုံးဟာ ပေါင်းနိုင်ရမယ်။ အိန္ဒိယလိုပြောရင် ဂင်္ဂါ၊ ယမုံနာ မြစ်တွေနာမည်သာ ကွဲနေတာ မြစ်ထဲမှာ

 ရေပဲရှိတယ်။ ရေခြင်းတူရင် ပေါင်းလို့ရတယ်။ 

မြန်မာပြည်မှာလည်း မေခနဲ့မလိခ မပေါင်းနိုင်ရင် ဧရာဝတီဆိုတာ မရှိဘူး။ အဲ့ဒါကြောင့် အားလုံးသော ဘာသာဝင်တွေ အားလုံးသော 

လူမျိုးစုတွေ မြန်မာဆိုတဲ့ မြေကြီးပေါ်မှာ ရေရေချင်း ရောသလို အကုန်လုံး ရောရောနှောနှောရှိကြဖို့ တိုက်တွန်းတယ်။ မေတ္တာရပ်ခံတယ်။

 နောက်တစ်ခုက ဘုရား တွေလို့ မြန်မာလိုခေါ်ပြီးတော့ ကိုးကွယ်ထားကြတဲ့ God တို့၊ အလ္လာတို့၊ ယေဟိုဝါတို့၊ ဗြဟ္မာတို့၊ ရှီဝတို့၊ ဗိဿနိုးတို့ 

ဗုဒ္ဓတွေ ကိုးကွယ်စရာတွေ နာမည်တွေတော့ အများကြီးပဲ။ 

ကိုးကွယ်ခံတဲ့ ဘုရားတွေအမျိုး မျိုးရှိကြပေမယ့် ဘုရားတွေ ဟောတော်မူတာက သစ္စာတရားနဲ့ ငြိမ်းချမ်းရေးနဲ့ဒါပဲ။ သစ္စာတရားကို

 လေးစားလိုက်နာတဲ့ ပုဂ္ဂိုလ်တွေဟာ သစ္စာတရားကို သိမြင်နားလည်တဲ့ ပုဂ္ဂိုလ်တွေဟာ ငြိမ်းချမ်းရေး ကို တည်ဆောက်လို့ရတယ်။ 

သစ္စာတရားကိုသာ မလိုက်နာရင် မသိမြင်ရင် ငြိမ်းချမ်းရေးဆိုတာ တည်ဆောက်လို့မရဘူး။ ဘုရားတိုင်းရဲ့နှလုံးသား မှာ မေတ္တာရော၊ 

ကရုဏာရော မေတ္တာဆိုတာကတော့ ရေလိုပဲ။ ဘယ်သူချိုးချိုး အေးသွားတာပဲ။ဗုဒ္ဓဘာသာချိုးလည်း အေးတယ်။ 

ခရစ်ယာန်ချိုးလည်းအေးတယ်။ လူဆိုးလူမိုက်တွေ ချိုးလည်း အေးတယ်။ သူတော်ကောင်းတွေ ချိုးလို့ သောက်လို့ရှိရင်လည်း အေးတယ်။ 

အဲ့ဒါကြောင့် အကုန်လုံး ဘုရားသခင်တွေရဲ့ နှလုံးသားဟာမေတ္တာလို အေးချမ်းတယ်လို့ ဒီလိုသဘောကျတယ်။ အေးချမ်းသော 

ဘုရားသခင်တွေရဲ့ အရိပ်အောက်မှာ နေကြတဲ့ဒီလူသားတွေဟာ အဲ့ဒီဘုရားသခင်တွေရဲ့ အဆုံးအမကို လိုက်နာပြီးတော့ အေးအေးချမ်းချမ်းနေ 

ကြဖို့ တိုက်တွန်းပါတယ်။ 

နောက်တစ်ခါ အဲ့ဒီဘုရားရှင်တွေရဲ့ အဆုံးမထဲမှာ ကရုဏာဆိုတာ ရှိတယ်။ ဘယ်ဘုရားမဆို ကရုဏာရှိတယ်။ ကရုဏာ ဆိုတာကလည်း 

ဘယ်သူ့အပေါ်မှ ဒုက္ခဖြစ်အောင် မလုပ်ဘူး။ ဒုက္ခရောက်သူတိုင်းကို စောင့်ရှောက်မယ်။ အဲ့ဒီကရုဏာစိတ်ဓာတ်ရှိတဲ့ ဘုရားသခင် တွေကို 

ကိုးကွယ်တဲ့ ဒီလူတွေဟာ ဘုရားရဲ့အဆုံးမတွေကို ကောင်းကောင်းလိုက်နာပြီးတော့ ဘယ်သူ့ အပေါ်မှ ဒုက္ခမပေးရဘူး။ ဒုက္ခရောက်တဲ့ 

လူတိုင်းကိုလည်း ကူညီစောင့်ရှောက်ရမယ်။ လူသားတိုင်း မှာရှိတဲ့ ဘုံအရည်အသွေးတွေပဲ။ နောက်တစ်ခါ ဘုရားသခင်တွေအားလုံးဟာ 

ပညာနဲ့လောကကြီး ကိုဆုံးမတယ်။ ပညာဆိုတာက သစ္စာတရားကို သိတဲ့ အသိဟာပညာရဲ့ အမြင့်ဆုံးအဆင့်ပဲ။ အဲ့ဒီ တော့ 

ဘုရားသခင်တွေရဲ့ သားတွေသမီးတွေ ဘုရားသခင် ဆုံးမတော်မူတဲ့အတိုင်း ဘုရားသခင် ဆိုတာက ခရစ်ယာန်ဘုရား၊ အစ္စလာမ်ဘုရား၊ 

ဟိန္ဒူဘုရား နောက် ဗုဒ္ဓဘုရား၊ ဂျူးဘုရား၊ ဒီဘုရား တိုင်းဆုံးမတဲ့မေတ္တာ၊ ကရုဏာ၊ ပညာ အဲ့ဒီ တရားသုံးပါး လက်ကိုင်ထားပြီးတော့ 

အဲ့ဒီမေတ္တာ၊ ကရုဏာ ဆိုတဲ့ဘုံ အခြေခံပေါ်မှာ အားလုံးလက်တွဲပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူနေထိုင်ကြဖို့ ဘာသာဝင်တိုင်းကို 

အားလုံးတိုက်တွန်းပါတယ်။

Voice : ပဋိပက္ခတွေကိုဖြေရှင်းဖို့ သက်ဆိုင်တဲ့ နှစ်ဖက်ဘာသာရေး ခေါင်းဆောင်တွေကို ဆရာတော် ဘာများမိန့်ကြားချင်ပါလဲ။

ဆရာတော် : ဒီတော့ ဗုဒ္ဓဘာသာရဟန်းတော် အရှင်မြတ်တွေကိုလည်း အထူး မေတ္တာရပ်တယ်။အဲဒီလို ဆူတဲ့ပူတဲ့ နေရာတွေကို

 ရောက်သွားကြရင် သံဃာတော်အရှင်မြတ်တွေက ဆူပူတဲ့ဘက်မှာ ဝင်ပြီးတော့ ဆူပူသောသံဃာတော်တွေ မဖြစ်ကြဘဲ ဆူပူမှုကို 

ထိန်းပြီးတော့ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ တိုင်းပြည်ကို ဝိုင်းပြီးတော့ စောင့်ရှောက်တော်မူကြပါလို့ 

သံဃာတော်များကို တောင်းပန်တယ်။

အစ္စလာမ်ဘာသာဝင် ခေါင်းဆောင်တွေ အားလုံးကိုလည်းပဲ ငြိမ်းချမ်းသောဘုရား သခင်ရဲ့ အရိပ်အာဝါသ အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ 

ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့ Peace Maker တွေအဖြစ်နဲ့ ရပ်တည်ပေးကြပါလို့ အားလုံးကို အထူးမေတ္တာရပ်ပါတယ်။

Voice : မြန်မာနိုင်ငံရဲ့ပထဝီအနေအထားအရ ဘေးက လူဦးရေပိုများတဲ့ နိုင်ငံတွေကပြည်တွင်း ကို စိမ့်ဝင်လာကြတဲ့အခါ ပဋိပက္ခပြဿနာ 

မဖြစ်အောင် ဘာတွေဆောင်ရွက်ဖို့ လိုပါသလဲဘုရား။

ဆရာတော် : အိမ်နီးနားချင်း တိုင်းပြည်တွေက ကျူးကျော်စိမ့်ဝင်တာတွေဟာ ဒို့မြန်မာနိုင်ငံရဲ့ အနီးနားမှာသာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ 

ဒါဟာရှိစမြဲပဲ။ မက္ကဆီကိုက လူတွေဟာအမေရိကန် ဘက်ကို တစိမ့်စိမ့်ဝင်သွားတာ တွေဟာ နေ့တိုင်း ရှိတယ်။ Europe မှာဆိုလည်း 

အရှေ့ပိုင်းက လူတွေက အနောက်ပိုင်းကို စိမ့်ဝင်တာတွေဟာ ဥရောပမှာ နေရာတိုင်းရှိတယ်။ ဒီလို East ကလူတွေ လည်း ဥရောပကို တစိမ့်စိမ့် 

ဝင်နေကြတာ တိုင်းပြည်တိုင်းမှာ ရှိတယ်။ အင်္ဂလန်မှာတောင်မှ လူသားတွေရဲ့ အခွင့်အရေးက အတူတူပဲ။ Human Rights ဆိုတာကို 

သူတို့တွေက သိပ်အသားပြုတဲ့ အတွက်ကြောင့်မို့ အင်္ဂလန်မှာ ရောက်ကြတဲ့ Middle East က

လူတွေဟာ ဖြည်းဖြည်းချင်း အင်္ဂလိပ်ဥပဒေအရ နိုင်ငံသားတွေ ဘာတွေဖြစ်ပြီးတော့ လွှတ်တော်ထဲမှာ အမတ်တွေဘာတွေတောင်

 ဖြစ်ကုန်ကြပြီ။ ဒီစိမ့်ဝင်မှုဟာ တစ်ကမ္ဘာလုံးမှာ ရှိနေဆဲပဲ။

မြန်မာနိုင်ငံကလူတွေ ထိုင်းမှာစိမ့်ဝင်သွားတာ ၂သန်းလောက် ရှိတယ်။ ဒါပေမဲ့ မြန်မာ၂သန်း

လောက်ဟာ ထိုင်းတွေနဲ့ ဘယ်တော့မှ ပဋိပက္ခမဖြစ်ဘူး။ အလုပ်ရှင်တချို့ရဲ့ ဖိနှိပ်မှုကိုခံရတဲ့ မြန်မာ

အလုပ်သမားတချို့ ရှိကောင်းရှိမယ်။ ရောက်သွားတဲ့ မြန်မာနှစ်သန်းဟာ ထိုင်းနိုင်ငံမှာ Violation ဆို တဲ့ ဆူပူသောင်းကျန်းမှုကို 

ဘယ်မှာမှမလုပ်ဘူး။ မလေးရှားရောက်သွားတဲ့ ဗုဒ္ဓဘာသာမြန်မာတွေ

ဒီတိုင်းပဲ။ မလေးရှား မွတ်ဆလင်တွေရဲ့လက်အောက်မှာ အလုပ်ကောင်းကောင်း လုပ်ရှာတယ်။ တချို့ စိတ်ဓာတ်ညံ့တဲ့ အလုပ်ရှင်တွေက

 နှိပ်စက်ခံရတာ နည်းနည်းပါးပါးရှိတယ်။ ဒါပေမဲ့ တိုင်းပြည် 

ကို ဆူပူသောင်းကျန်းအောင် မလုပ်ပါဘူး။ မလေးရှားမှာ စိမ့်ဝင်တဲ့ မြန်မာဟာလည်း သိန်းချီရှိတာပဲ။အိန္ဒိယပြည်ထဲမှာလည်း စိမ့်ဝင်တဲ့

 မြန်မာတွေ၊ ဘင်္ဂလားဒေ့ရှ်မှာတောင် စိမ့်ဝင်သွားတဲ့ မြန်မာတွေ၊ နိုင်ငံရေးအရ ထွက်ပြေးခိုလှုံသွားတဲ့ သူတွေအများကြီးပဲ။ ရောက်ရာရောက်ရာ 

အရပ်မှာ မြန်မာတွေဟာ အဲ့ဒီ တိုင်းပြည်ရဲ့ဥပဒေကို လေးစားလိုက်နာပြီးတော့ အဲ့ဒီတိုင်းပြည်မှာ ဆူပူသောင်းကျန်းအောင် ဘယ်သူမှမလုပ်ဘူး။ 

အဲ့တော့ ဒို့တိုင်းပြည်ထဲမှာ တော့ တရုတ်တွေလည်း စိမ့်ဝင်လာတယ်။ ဘင်္ဂလား ဒေ့ရှ်ကလူတွေလည်း စိမ့်ဝင်လာတယ်။ အိန္ဒိယက 

ကုလားတွေလည်း စိမ့်ဝင်လာတယ်။ အဲဒီလိုစိမ့်ဝင်လာတဲ့ ကိစ္စဟာ အင်္ဂလိပ်လက်အောက် ရောက်တဲ့အချိန်က စပြီးတော့ တစိမ့်စိမ့် 

ဝင်နေတာဟာ ဒီကနေ့အထိ။ အဲဒီတော့ ဒီကနေ့အထိ တို့တိုင်းပြည် ထဲမှာစိမ့်ဝင်လာတဲ့ လူတွေဟာ တို့နိုင်ငံ တို့လူမျိုးရဲ့ တို့ဓလေ့ထုံးစံနဲ့ 

တို့နိုင်ငံတော်ရဲ့ စည်းကမ်းဥပဒေကို အားလုံး လေးစားလိုက်နာပြီးတော့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်း Common Ground ဆိုတဲ့ 

ဘုရားသခင်ရဲ့မေတ္တာရိပ် ကရုဏာရိပ်အောက်မှာ အေးအေးချမ်းချမ်း နေကြဖို့ ကောင်းတယ်။ စိမ့်ဝင်တာကတော့ စီးပွားရေးကြောင့် 

စိမ့်ဝင်တာဟာ အဓိကပဲ။ နိုင်ငံရေးတို့၊ ဘာသာရေး တို့ကြောင့် စိမ့်ဝင်တာတွေဟာ ကမ္ဘာမှာတော့ ရှားပါတယ်။ စားရေးသောက်ရေး 

မပြေလည်တဲ့ သူတွေဟာ နည်းနည်းပြေလည်မယ် ထင်တဲ့ နေရာကိုရွှေ့တာ။ မြန်မာစကားရှိတယ်။ ရေကြည်ရာမြက်နုရာ ဆိုတာ 

ဒီလိုပြောကြတာပဲ။ 

အဲ့ဒါကြောင့်မို့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ လက်တွဲပြီးတော့ နေကြပါလို့ ပြောချင်တယ်။

နိဂုံးချုပ်ကတော့ တို့မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ရောက်တာနှစ်၂၀၀၀ရှိပြီ။ ခရစ်ယာန်တွေ၊ အစ္စလာမ်တွေ ရောက်လာတာက

 အင်္ဂလိပ်ဝင်မှ ရောက်လာတာ။ အဲဒီနောက်မှ ရောက်လာတာဆိုတော့ နှစ်တစ်ထောင်မပြောနဲ့ တစ်ရာ 

တစ်ရာ့ငါးဆယ်လောက်ပဲ ရှိသေးတယ်။ ဒါကို ပြောရမယ်ဆိုရင် ဗုဒ္ဓဘာသာက အိမ်ရှင်နိုင်ငံပါ။ အဲဒီလို Invade လုပ်ပြီးတော့ 

ဝင်ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေ၊ Migrate လုပ်ပြီးတော့ ဝင်ရောက် လာကြတဲ့ လူတွေက ဧည့်သည်တွေ။ 

အိမ်ရှင် ဗုဒ္ဓဘာသာတွေက ဧည့်သည် တခြားဘာသာခြား လူမျိုးတွေကို နှစ်နှစ်ကာကာ Warmly Welcome လုပ်လို့၊ တိုင်းပြည်ထဲမှာ Church

 တွေရော၊ ဗလီတွေရော နေရာတကာမှာ အေးအေးဆေးဆေး ရှိနေကြပြီ။ အဲဒီတော့ အိမ်ရှင်က ဧည့်သည်ကို လှိုက်လှိုက်လှဲလှဲ 

ကြိုဆိုလက်ခံရင် ဧည့်သည် တွေကလည်း ဒီအိမ်ရှင်ရဲ့ အိမ်ထဲမှာအေးအေးချမ်းချမ်းနဲ့ အိမ်ရှင်နဲ့ လက်တွဲပြီးတော့ နေဖို့ကောင်းတယ်။ 

အိမ်ရှင်ကိုရိုက်ပြီးတော့ အိမ်လုဖို့ ကြိုးစားတာကတော့ ဘယ်လိုမှမလျော်တဲ့ ကိစ္စပဲ။အဲဒါကြောင့် ငြိမ်းချမ်းစွာနေကြပါလို့ တိုက်တွန်းပါတယ်။ 

ပဋိပက္ခတွေ ဖြစ်လာကြတဲ့ အခြေနေမှာ ဒီကနေ့ တို့နိုင်ငံတော် နှစ်ပေါင်းခြောက်ဆယ်လောက် လွတ်လပ်ရေးရတဲ့ အချိန်ကစပြီးတော့ 

နှစ်ပေါင်းခြောက်ဆယ်ကျော်ကျော် ဒီခရီးကြမ်းကြီးကို လျှောက်လှမ်းလာခဲ့ ကြတယ်။ လွတ်လပ်ရေး ယူကြတဲ့ အချိန်ခါမှာလည်း 

စဉ်းစားကြည့်လိုက်ပါ။ 

အနော်ရထာမင်းတရားကြီး စည်းလုံးညီညွတ်ခဲ့တဲ့ မြန်မာနိုင်ငံတော်ဟာ နရသီဟပတေ့၊ နရသူတို့ရဲ့ ခေတ်မှာ ပျက်စီးတယ်။ အဲဒီလို 

ပျက်စီးသွားတဲ့၊ အစိတ်စိတ်အမွှာအမွှာ ဖြစ်သွားတဲ့

နိုင်ငံတော်ကြီးကို အလောင်းဘုရားက ပြန်ပြီးတော့ စည်းရုံးတယ်။ အလောင်းဘုရားမရှိတဲ့ နောက်ကျ တော့ အင်္ဂလိပ်ဝင်ပြီးတော့ နိုင်ငံတော်က 

ဖရိုဖရဲ ဖြစ်ပြန်တယ်။ အဲ့ဒီဖရိုဖရဲဖြစ်တဲ့ အချိန်မှာ ပြည်ပက လူတွေစိမ့်ဝင်ကြတာပဲ။ အင်္ဂလိပ်က ခေါ်လာတာလည်း ရှိတယ်။ အဲဒီလို 

အကွဲကွဲအပြားပြား ဖြစ်တဲ့ အလောင်းဘုရားရဲ့ နိုင်ငံတော်ကြီးကို ပြန်လည် စည်းရုံးပေးခဲ့တာက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့

 နိုင်ငံတော်ရဲ့ ခေါင်းဆောင်ကြီး တွေ။ အဲ့ဒီ ခေါင်းဆောင်ကြီးတွေထဲမှာ မွတ်ဆလင် ခေါင်းဆောင် ရာဇတ်ပါတယ်။ အဲဒီတော့ ဒီကနေ့ 

မွတ်ဆလင်လူမျိုး တွေဟာ မွတ်ဆလင်အမျိုးသား

အမျိုးသမီးတွေဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွဲပြီးတော့ နိုင်ငံတော်ရဲ့ လွတ်လပ်ရေးကို ယူသွားတဲ့ ခေါင်းဆောင်ကြီး ရာဇတ် တို့လို 

စိတ်ဓာတ်မျိုးကို မွေးပြီးတော့ အားလုံးလက်တွဲကြဖို့ ကောင်းတယ်။ ရာဇတ်ဟာ မန္တလေးရွှေမြို့တော်မှာ သူက မွတ်ဆလင်သာဖြစ်တာ 

ဘုန်းကြီးတွေနဲ့လည်း ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး၊ National High School ကို တည်ထောင်တဲ့နေရာမှာ ရာဇတ် ခေါင်းဆောင်သွားတာ။ 

အဲ့ဒါကြောင့် ရာဇတ်ရဲ့ စိတ်ထားမျိုး မွေးကြစေချင်ပါတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရပြီ၊ ရတော့မယ်ဆိုတဲ့ အချိန်မှာ အမျိုးသားခေါင်းဆောင်ကြီး 

ဗိုလ်ချုပ်အောင်ဆန်း နဲ့တကွ ရာဇတ်တို့လည်း အသတ်ခံလိုက်ရတယ်။အဲဒါက နိုင်ငံခြားက ကျူးကျော်တဲ့ ပုဂ္ဂိုလ်တွေက သတ်တာမဟုတ်ဘူး။ 

ကိုယ့်တိုင်းရင်းသား ကိုယ့်လူမျိုးက ကိုယ့်ဟာကို ပြန်သတ်သွားတာ။ အဲဒါကြောင့် အလွန် ဝမ်းနည်းစရာကောင်းတဲ့ ကြမ်းတမ်းသော 

ခရီးလမ်းကြီးကို အဲဒီကတည်းက လျှောက်လာတာ အခုထိ။ 

အဲ့ဒါကြောင့် ဆူးခင်းသောလမ်းကြီးကို လျှောက်ရတာကြာပါပြီ။ မွတ်ဆလင်တွေ မစ္စတာ ရာဇတ်ရဲ့ စိတ်ဓာတ်မျိုး၊ အမျိုးသားခေါင်းဆောင်ကြီး 

ဗိုလ်ချုပ်အောင်ဆန်းနဲ့ မစ္စတာရာဇတ်ရဲ့ စိတ်ဓာတ်မျိုးနဲ့ ဆူးခင်းသောလမ်းကို ပန်းခင်းသော လမ်းအဖြစ် ပြောင်းနိုင်အောင်၊ ပန်းခင်းသော 

လမ်းပေါ်မှာ ချမ်းချမ်းသာသာ လျှောက်နိုင်အောင် အားလုံးဝိုင်းဝန်းပြီးတော့ ဒီနိုင်ငံတော်ကို ထိန်းသိမ်း စောင့်ရှောက်ကြပါ။ ဝိုင်းဝန်းကူညီကြပါလို့ 

မွတ်ဆလင်တွေကို အလေးအနက် မေတ္တာရပ်ခံ ချင်တယ်။

Voice : ပဋိပက္ခမှာ နှစ်ဖက် ပါဝင်ပတ်သက် နေတဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ဘာများ

တိုက်တွန်းချင်ပါလဲ။

ဆရာတော် : အနည်းငယ်မျှသော ကိစ္စတွေကို အကျယ်မချဲ့ဖို့ အကုန်လုံးကို တောင်းပန်ချင်တယ်။အိမ်ရှေ့မှာ လူတွေယိုသွားတဲ့ မစင်ပုံပဲ

 တွေ့တွေ့၊ ခွေးတွေယိုသွားတဲ့ မစင်ပုံပဲတွေ့တွေ့ “ဟ … မစင်ပုံကြီးဟေ့” ဆိုပြီးတော့ တုတ်နဲ့ထိုးမွှေပြီးတော့ ရပ်ကွက်ကို အော်ပြောနေရမှာ 

မဟုတ်ဘူး။မစင် တွေ့ရင် ခပ်မြန်မြန်ဖုံးရတယ်။ ခပ်မြန်မြန် ကျုံးရတယ်။ အခု လူတချို့လုပ်နေတာက မစင်ပုံ တုတ်နဲ့ ထိုးမွှေပြီးတော့

 အော်ပြောနေတာ တစ်ရပ်ကွက်လုံး နံကုန်တာပေါ့။ အဲ့ဒါမျိုးတွေ ဖြစ်နေတာကို အကြီးအကျယ် ဝမ်းလည်း ဝမ်းနည်းတယ်။ စိတ်လည်း 

စိတ်ပျက်တယ်။ မစင်ဆိုရင် ဝိုင်းဖုံးကြပါ။ ဝိုင်ကျုံးကြပါ။ တုတ်နဲ့ မွှေပြီးတော့ မအော်ကြပါနဲ့။ အခုလို ပဋိပက္ခတွေက မစင်ပုံထက် ဆိုးတယ်။

Voice : ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိကတာဝန်ရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့အပေါ်

ဘာများ မိန့်မှာချင်ပါလဲ ဘုရား။

ဆရာတော် : အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်း တွေ အားလုံးကတော့ စိတ်ရှည်သည်းခံဖို့ရယ်၊ အမြော်အမြင် ကြီးမားဖို့ရယ်၊ ကျယ်ပြန့်တဲ့နား၊ 

မျက်စိတွေ အသိဉာဏ်ကြီးကြီးနဲ့ စီမံချက်တွေကို သွက်သွက်လက်လက်နဲ့ အေးအေးချမ်းချမ်း ဆောင်ရွက် ကြဖို့လိုလိမ့်မယ်။ စိတ်တွေက 

မြန်တယ်။ ဆောင်ရွက်ရင်းနဲ့ စိတ်ဆိုးလာကြမယ်။ ကျယ်ပြန့်တဲ့ ဆွေးနွေးတိုင်ပင်မှုတွေ၊ ကျယ်ပြန့်တဲ့ မူဝါဒတွေ၊ စနစ်တကျ ကြိုတင်

 ပြင်ဆင်ထားတာတွေ၊ လုပ်ငန်းကို သွက်သွက်လက်လက်နဲ့ မလုပ်ခဲ့ကြတာတွေ၊ မလုပ်နိုင်ကြတာတွေ စုနေကြမယ် ဆိုရင် ဒီပဋိပက္ခတွေက 

ငြိမ်းချမ်းစရာအကြောင်း မရှိဘူး။ အဲဒါကြောင့် ဆင်လိုလည်းပဲ အားကောင်းရမယ်။ မြင်းလိုလည်းပဲ မြန်ရမယ်၊ နွားလိုလည်းပဲ သည်းခံရမယ်။ 

ခြင်္သေ့လိုလည်းပဲ သတ္တိရှိရမယ်။ ခေါင်းဆောင်တွေဟာ အဲဒီလေးချက် အရေးကြီး ပါတယ်။ အဲဒီ မူလေးချက်နဲ့ ဆောင်ရွက်ကြပါ ဆိုတာကို 

တိုက်တွန်းပါတယ်။


The Voice Weekly (နော်ကိုကို)


မိတ္ထီလာကိစ္စအပါအဝင် လတ်တလော ဆူပူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီးမှ ပြည်သူလူထုထံသို့ ရှင်းလင်းပြောကြားချက်


(အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့သော်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီး ပြောကြား)
=====================================
(မတ်လ ၂၈ ရက်၊ နေပြည်တော်)

သာမန်ပုဂ္ဂလိက အငြင်းပွားမှု၊ သာမန်မှုခင်းတခုကို အကြောင်းပြုပြီး မိတ္ထီလာမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများ တည်ငြိမ်စ ပြုလာသည့် အခြေအနေမှာ ပြည်သူလူထုကြီးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံဒေသ အနှံ့အပြားတွင် ဆူပူမှုများ ကူးစက်ပျံ့နှံ့ရန် လှုံ့ဆော် လုပ်ဆောင်လာမှုများကို စိတ်မချမ်းမြေ့ ဖွယ် တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီကိစ္စများနဲ့ပတ်သက်ပြီး ကျွန်တော်ရဲ့ သဘောထားနဲ့ အစိုးရရဲ့ ရပ်တည်ချက်များကို ရှင်းလင်းပြောကြား သွားမှာ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အင်အားသုံးပြီး ပြဿနာတွေကိုဖြေရှင်းတာကို မနှစ်မြို့ပါ။ ဒါပေမဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ထိပါးတဲ့လုပ်ရပ် မှန်သမျှကိုတော့ လုံးဝ လက်သင့်ခံမှာ မဟုတ်ဘဲ လိုအပ်လျှင် မြို့ပြအင်အားသုံးပြီး ထိထိရောက်ရောက် တားဆီးနှိမ်နင်းသွားရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တရားဥပဒေစိုးမိုးရေးတွင် အဓိက တာဝန်ရှိနေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဥပဒေနဲ့အညီ ရဲဝံ့ပြတ်သား စွာ ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်။

ဒီမိုကရေစီရဲ့ ရေသောက်မြစ်လို့ဆိုရမယ့် တစ်ဦးတစ်ယောက်ချင်းစီရဲ့ လွတ်လပ်ခွင့်ဆိုတာ သူတပါးကို ထိခိုက်မှုမရှိပဲ လွပ်လပ်ခြင်းရဲ့ အရသာကို အားလုံးခံစားနိုင်ဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း မိမိယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်အား နိုင်ငံသားအခွင့်အရေး အနေနဲ့ အာမခံချက် အပြည့်အဝ ပေးထားပါတယ်။ ဒီနေရာမှာ မွန်မြတ်တဲ့ ကိုးကွယ်ယုံကြည်မှုကို ခုတုံးလုပ်ပြီး အလွဲသုံးတဲ့ အယူသီး အစွန်းရောက်လုပ်ရပ်တွေ၊ မတူညီတဲ့ ဘာသာတရားတွေအကြား အမုန်းတရားတိုးပွားအောင် လုပ်ဆောင်မှုတွေ၊ ကိုယ်ကျိုးစီးပွားနဲ့ယှဉ်တဲ့ နိုင်ငံရေး၊ စီးပွားရေးအမြတ်ထုတ် လုပ်ဆောင်လာမှုတွေကို ပပျောက်သွားအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲ ဥပဒေများနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ သတိပေးပြောကြား လိုပါတယ်။

ယခုမိတ္ထီလာမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို ဖြေရှင်းတဲ့နေရာမှာ ယခင်ကနဲ့မတူဘဲ အသိုက်အဝန်းတွေကြားမှာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အတွက် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှု၊ မီဒီယာများရဲ့ ပိုမိုတာဝန်သိသိ၊ တာဝန်ရှိရှိ သတင်းဖော်ပြမှု၊ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘုန်းတော်ကြီးများ အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနဲ့ တပ်မတော်တို့ရဲ့ မှန်ကန်တဲ့ အခန်းကဏ္ဍက ပါဝင်မှုတွေကို တွေ့ရှိရပါတယ်။ တချို့ဒေသတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြတဲ့ ပြည်သူလူထုတွေ အထိတ်တလန့် ဖြစ်အောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင်၊ ကောလာဟလတွေနဲ့ သွေးထိုးလှုံ့ဆော် နေတာတွေ ရှိပေမယ့် ဒါတွေကတဆင့် အကြမ်းဖက်မှုတွေအဖြစ် ရောက်ရှိ မသွားရအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းကော်မတီတွေ၊ ဘာသာရေး အဓိကရုဏ်း ကာကွယ်တားဆီးရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ကာကွယ်ပေးနေ ကြတာတွေကိုလည်း အပြု သဘောဆောင်သော ဖြစ်ရပ်များအဖြစ် တွေ့မြင်နေရပါတယ်။

သွးထိုးမှုတွေ လှုံ့ဆော်မှုတွေကြောင့် အခြားမြို့ကြီးများကို ပဋိပက္ခများ ကူးစက်မယ့် အန္တရာယ်ကိုလည်း အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေအားလုံး ဝိုင်းဝန်းကာကွယ် လုပ်ဆောင်နေကြတာကို လည်း တွေ့ရတဲ့ အတွက် ကျေးဇူးတင် ဝမ်းမြောက်မိ ပါတယ်။ မတူညီတဲ့ တိုင်းရင်းသားတွေ၊ လူမျိုးစုတွေနဲ့ မတူညီတဲ့ ကိုးကွယ် ယုံကြည်မှုတွေ အကြား အချင်းချင်း အပြန်အလှန်လေးစားမှု၊ နားလည်မှုရှိတဲ့၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာပေါ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ဖို့အတွက် ကြိုးပမ်းနေကြတယ်ဆိုတာကိုလည်း သက်သေထူရာ ရောက်ပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ အင်အားသုံးဖြေရှင်း ကိုင်တွယ်မှုတွေကို တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရတဲ့ အကြောင်းရင်းကတော့ မိမိတို့ နိုင်ငံသားများရဲ့ အရှိန်ယူစ ဒီမိုကရေစီကျင့်စဉ်များ စမ်းသပ်ကျင့်သုံးမှုကို အဟန့်အတားဖြစ်ပြီး အချိန်မတိုင်မီ ပျက်စီးသွားနိုင်မယ့် အန္တရာယ်ကို ရှောင်ရှားလိုတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ယခုကာလတို အတွင်း မြေစမ်းခရမ်းပျိုးနေတဲ့ ပြုပြင်ပြောင်းလဲရေးများနဲ့ ဒီမိုကရေစီ ရှင်သန်ရေးများကို မဆုံးရှုံးစေလိုတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူ၊ ကျွန်တော်တို့ နိုင်ငံသားတဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါးလာရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ်ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။ ပြည်သူလူထု တစ်ရပ်လုံး ကလည်း မေတ္တာကို အရင်းခံ၊ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားပြီး အမြင်ကျယ်ကျယ်၊ သတိကြီးကြီးနဲ့ ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျွန်တော် အလေးနက် တိုက်တွန်းမေတ္တာ ရပ်ခံပါတယ်။

Hmuu Zaw's Facebook

JICA အရှေ့တောင်အာရှ ဌာနခွဲအကြံပေးနှင့်တွေ့ဆုံခြင်း




မြန်မာနိုင်ငံအတွက် အခြေခံလိုအပ်ချက်များ ကာလရှည်ထောက်ပံ့ခဲ့ပြီး မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်ရလာချိန်တွင် ကူညီပံ့ပိုးပေးမှုများ တိုးမြှင့်လာသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(အရှေ့တောင်အာရှ ဌာနခွဲ) မှ အကြံပေး အရာရှိ ကိုဂျီမတာကဲဘရု (Kojima Takebaru) နှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ JICA ရုံးတွင် မတ်လ ၁၂ ရက်၌ တွေ့ဆုံမေးမြန်းထားသည်များကို စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။

JICA အနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ စီမံကိန်းတွေအကြောင်း ရှင်းပြပေးပါဦး။
JICA အနေနဲ့ အဓိက ဒေါက်တိုင် သုံးခုကို ကူညီပေးနေပါတယ်။ ပထမဒေါက်တိုင်ကတော့ စိုက်ပျိုးရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေ ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးရေးနဲ့ သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးတွေမှာ ကူညီပံ့ပိုးပေးဖို့ပါ။ ဒုတိယဒေါက်တိုင်ကတော့ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ Capacity Development နဲ့ အသင်း အဖွဲ့အစည်းများ ဖွံ့ဖြိုးရေး၊ Institutional Development အတွက် အကူအညီပေးတာပါ။ အဲဒီမှာ ဥပဒေရေးဆွဲပြဋ္ဌာန်းတာ၊ ငွေကြေးကဏ္ဍအတွက် အထောက်အပံ့ပေးတာတွေ၊ အခြေခံပညာနဲ့ အဆင့်မြင့်ပညာရေးအတွက် ကူညီပံ့ပိုးပေးတဲ့အပိုင်းပါ။ တတိယ ဒေါက်တိုင်ကတော့ အရေးအကြီးဆုံး အပိုင်းဖြစ်မယ်ထင်တယ်။ အခြေခံအဆောက်အအုံတွေအတွက် အကူအညီပေးတာတွေပါ။ ဥပမာ-သီလ၀ါအထူးစီးပွားရေးဇုန်အတွက် ချေးငွေပေးမှာတွေ၊ မဟာရန်ကုန်ဖွံ့ဖြိုးရေးအတွက် ချေးငွေပေးမှာတွေပေါ့။ ရထားလမ်းတွေ အသစ်ဖောက်လုပ်ရေး၊ အဆင့်မြှင့်တင်ရေး စတာတွေအတွက် ပေးမယ့်ချေးငွေကိုလည်း မြန်မာအစိုးရစိတ်ဝင်စားမယ်ထင်ပါတယ်။
အခု အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံကို အကူအညီတွေစပေးလည်း ဂျပန်အနေနဲ့က အကူအညီပေးတာ ရပ်မှာမဟုတ်ပါဘူး။ အခု ပေးနေတာတွေက အခြေခံ လိုအပ်ချက်အတွက် ပေးနေတာဖြစ်သလို နောက်ထပ်ပြီးတော့လည်း အကူအညီပေးဦးမှာပါ။ ကျွန်တော်ထင်တယ် မြန်မာဟာ ကမ္ဘာပေါ်မှာ ဂျပန်အနေနဲ့ အကူအညီအများဆုံးပေးတဲ့ နိုင်ငံထဲ
က တစ်နိုင်ငံ ဖြစ်လာပါလိမ့်မယ်။

JICA အနေနဲ့ မြန်မာနိုင်ငံကို ဘယ်အချိန်ကစ အကူအညီပေးတာလဲ။
ကျွန်တော်ထင်တယ်၊ ဒုတိယကမ္ဘာစစ်ပြီးတော့ ၁၉၆၀ မှာ စစ်လျော်ကြေးပေးတဲ့ အစီအစဉ်အနေနဲ့ စခဲ့တာ။ လောပိတရေအားလျှပ်စစ်စီမံကိန်း လုပ်ပေးတာတို့၊ ကြေးစင်တောင်စီမံကိန်း လုပ်ပေးတာတို့ပေါ့။ JICA ကလည်း ၁၉၆၀ မှာမှ စပေါ်လာတာ။

အခု မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းပေါင်း ဘယ်နှခုရှိလဲ။ ဘယ်စီမံကိန်းတွေက အကြီး ဆုံးဖြစ်မလဲ။
စီမံကိန်းပေါင်း ၂၀ ကနေ ၃၀ အတွင်းရှိတယ်။ အကြီးဆုံးကတော့ ငွေချေးပေးတဲ့ စီမံကိန်းဖြစ်မယ်။ အတိုးက အလွန်ကိုနည်းပါတယ်။ ၀ ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ပါ။ ကျွန်တော်တို့ ဒေါ်လာ သန်း ၅၀၀ လောက်ရှိမယ့် ချေးငွေပေးဖို့လည်း ပြင်ဆင်နေပါတယ်။ အခု ကျွန်တော်လုပ်ဖော်ကိုင်ဖက်တွေ အဲဒီအတွက် မြန်မာနိုင်ငံသွားပြီး ဆွေးနွေးနေပါပြီ။ နောင် ဆောင်ရွက်မယ့် စီမံကိန်းသုံးခုအတွက်။ စီမံကိန်းသုံးခုမှာ ပထမစီမံကိန်းကတော့ ကြံခင်းဘိလပ်မြေစက်ရုံနဲ့ လျှပ်စစ်ဂျင်နရေတာတွေ ပြင်ဆင်ပေးမှာဖြစ်သလို၊ ဒုတိယက သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းရယ်၊ တတိယကတော့ ပြည်နယ်နဲ့ တိုင်းဒေသ ၁၄ ခုလုံးမှာ ကျေးလက်ဒေသတွေကအစ ဖွံ့ဖြိုးရေးအတွက် အကူအညီတွေပေးမှာ ဖြစ်ပါတယ်။ ဒေါ်လာသန်း ၅၀၀ ဆိုတာ အလွန်များတဲ့ ပမာဏပါ။ ဒါပေမဲ့ စီမံကိန်းအားလုံးအတွက် ကတိက၀တ်တော့ မပြုရသေးဘူး။ အခြားစီမံကိန်းတွေက မကြီးပေမယ့် အလွန်အရေးကြီးပါတယ်။ ဥပမာ ရန်ကုန်စက်မှုတက္ကသိုလ် ပြန်လည်အဆင့်မြှင့်တင်ရေးအတွက် နည်းပညာ အကူအညီတွေပေးဖို့ ဂျပန်တက္ကသိုလ် တစ်ခုက ပူးပေါင်းဆောင်ရွက်ပေး မှာတွေ၊ UMFCCI မှာ ဂျပန်-မြန်မာစီးပွားရေးစင်တာ အစည်းအဝေးခန်းမ တည်ဆောက်ပေးမဲ့ စီမံကိန်းတွေ။ စီမံကိန်းတွေကတော့ အများကြီးပါပဲ။ ငှက်ဖျားရောဂါ၊ HIV/AIDS ရောဂါတိုက်ဖျက်ရေး၊ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းအသစ်တွေလည်း လာဦးမှာပါ။ အရင်တုန်းကတော့ စီမံကိန်းတွေက အများကြီးမရှိပါဘူး။ အခု နောက်ပိုင်းမှ များလာမှာ။

အရင်က စီမံကိန်းတွေလုပ်တဲ့အခါ အဓိကအခက်အခဲက ဘာတွေလဲ။
အရင်အစိုးရနဲ့ လုပ်ခဲ့တဲ့ စီမံကိန်းတွေမှာ အခက်အခဲအများကြီးတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရင်က စီမံကိန်းအကြီးကြီးတွေ မလုပ်ခဲ့လို့ပါ။ ရှိတဲ့ အခက်အခဲက အတတ်ပညာရှင်တွေ ပို့တဲ့အခါမှာပဲ ကြုံရတယ်။ ပညာရှင်လာတာကို တစ်ခါတလေ နားလည်မှုလွဲပြီး အမြင်မကြည်တာမျိုးပေါ့။

အခုစီမံကိန်းတွေအများကြီး လုပ်တဲ့အခါမှာရော အခက်အခဲကြုံရသေးလား။
စီမံကိန်းအကြီးကြီးတွေလုပ်တဲ့အခါ ကြုံရတာက ကျွန်တော်တို့ဘက်က လုပ်ချင်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဘက်မှာ နှောင့်နှေးကြန့်ကြာတဲ့အတွက် အချိန်မီမပြီးနိုင်ဘဲ အချိန်ညှိညှိ လုပ်နေရတာပါပဲ။

အရင်က အကူအညီ နည်းနည်းပဲပေးရာက အခုအများကြီးပေးတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကြောင့်လား။
ဟုတ်ပါတယ်။

မြန်မာနိုင်ငံကိုပေးတဲ့ အကူအညီတွေက နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုတွေကြောင့်ဆိုတော့ မြန်မာနိုင်ငံရေး နောက်ကြောင်းပြန်သွားရင် မပေးတော့ဘူးပေါ့။
အရင်အစိုးရ ပုံစံအတိုင်း ကမ္ဘာက အသိအမှတ်မပြုတဲ့နိုင်ငံ ဖြစ်အောင်လုပ်ရင်တော့ ပေါ်လစီ အတိုင်းပဲ ပြန်ဖြစ်မယ်ထင်တယ်။ အခုလောလောဆယ်တော့ ကမ္ဘာက အသိအမှတ်ပြုတဲ့၊ ပြည်သူတွေအပေါ်မှာ ကောင်းအောင်လုပ်ပေးတဲ့ အစိုးရလို ဂျပန်ကလည်း လက်ခံလို့ အခုလို အကူအညီတွေ ပေးတာပါ။

မြန်မာနိုင်ငံအပြင် ကမ္ဘာပတ်ပြီး အကူအညီတွေပေးနေတဲ့ JICA ရဲ့ အတွေ့အကြုံအရ ဘက်စုံ နိမ့်ကျနေတဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးအောင် ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဂျပန်နိုင်ငံက စစ်ရှုံးပြီးတော့ နှစ် ၅၀ လောက်ကြာမှ ဖွံ့ဖြိုးလာတာ။ ဗီယက်နမ်က ဖွံ့ဖြိုးအောင် နှစ် ၃၀ နီးနီးလုပ်ခဲ့ရတယ်။ ကျွန်တော်တို့အနေနဲ့ ခန့်မှန်းတာ အနည်းဆုံး ငါးနှစ်၊ အကြာဆုံး ၁၀ နှစ်အတွင်းမှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးလာတော့မယ်။ ဘာဖြစ်လို့ ဒီလို ခန့်မှန်းမိလဲဆိုရင် နေ့စဉ်နေ့တိုင်း မြန်မာလူမျိုးတွေနဲ့ စကားပြောတဲ့ အခါ ဂျပန်က ဖွံ့ဖြိုးပြီးနိုင်ငံဆိုပေမယ့် မြန်မာနိုင်ငံက နိမ့်ကျနေတယ်ဆိုပေမယ့် ဉာဏ်ရည်ဉာဏ်သွေးက အတူတူပဲ။ ဉာဏ်ရည်နိမ့်ကျနေတာမျိုး မတွေ့ရဘူး။ ဒါကြောင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးဖို့ အဓိက ပြုပြင်ရမှာကတော့ လူတွေရဲ့ စိတ်ဓာတ်ကို ပြုပြင်ရမယ်။ ဖွံ့ဖြိုးရေးအတွက်တစ်ခုတည်းကို အရင်စလုပ်တာ မဟုတ်ဘဲနဲ့ အားလုံးတစ်ပြိုင်နက် လုပ်ရမယ်လို့ထင်တယ်။

ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ပိုစိတ်ဝင်စားလာတာကတော့ ဘာကြောင့်လို့ထင်လဲ။
အခုဆိုရင် တရုတ်မှာ ဂျပန်က ကုမ္ပဏီတွေ သွားပြီးအလုပ်လုပ်ဖို့ ခက်နေပြီ။ ထိုင်းမှာကျတော့ ရေခဏခဏကြီးနေတယ်။ ဗီယက်နမ်ကျတော့ တဖြည်းဖြည်း လုပ်သားလခတွေ ကြီးလာပြီ။ ဒါကြောင့် ဘယ်ကိုသွားမလဲဆိုရင် နောက်တစ်နိုင်ငံ တွေ့တာက ကမ္ဘောဒီးယား။ ကမ္ဘောဒီးယားနဲ့ အတူ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ဖို့ စိတ်ဝင်စားနေကြတာပါ။ 

ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ မြေဈေးတွေက တအားတက်နေတော့ လာဖို့တန့်နေတယ် ကြားတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုထင်ပါသလဲ။
ဒါနဲ့ပတ်သက်ပြီး စိတ်ထဲမှာတော့ အမြဲတမ်းရှိတယ်။ မြန်မာနိုင်ငံကို သွားတိုင်းသွားတိုင်းက မြေဈေးတွေတက်တယ်။ ကျွန်တော်တို့အကုန်လုံး မျက်စိဒေါက်ထောက်ပြီး ကြည့်နေရပါတယ်။ အခုလောလောဆယ် အားလုံးက အာရုံစိုက်နေတာတော့ ရန်ကုန်တစ်နေရာတည်းမှာပါပဲ။ ရန်ကုန်က တဖြည်းဖြည်းနဲ့ စီးပွားရေး အဆင်ပြေသွားလို့ တိုးတက်သွားမယ်သာဆိုရင် ရန်ကုန်က မြေဈေးက တစ်ချိန်လုံးဈေးမတက်နိုင်ဘူး ထင်ပါတယ်။ ဒီ့အပြင်နေရာတွေ ဥပမာ-ရန်ကုန်ပြီးရင် မန္တလေး အဆင်ပြေသွားနိုင်တယ်။ ပညာရှင်တွေ ခန့်မှန်းတာတော့ အဲဒီလို မှန်းတယ်။ ရန်ကုန်မြို့က တိုးတက်လာပြီးရင် အနီးနားပတ်ဝန်းကျင်မှာရှိတဲ့မြို့တွေ ပြည်နယ်နဲ့ တိုင်းတွေ တိုးတက်ဖို့ အဓိကလုပ်ရမှာ ကတော့ တိုင်းပြည်မှာနေတဲ့ ပြည်သူလူထုနဲ့ အစိုးရက အဓိကပဲ။ တိုင်းရင်းသားလူမျိုးပေါင်းစုံမှာ တာဝန်ရှိပါတယ်။ မြန်မာဖွံ့ဖြိုး တိုးတက်သွားရင် မြန်မာတစ်နိုင်ငံတည်းမဟုတ်ဘူး။ အိမ်နီးချင်းနိုင်ငံတွေပါ ပိုဖွံ့ဖြိုးလာမယ်။ ကျွန်တော်တို့အတွက်လည်း ကူညီရကျိုးနပ်မယ်။

ဘာကြောင့် မြန်မာနိုင်ငံကို ကူညီတာလဲ။ ထပ်ပြီးတော့ရော ဘာများ ဖြည့်စွက်ပြောချင်ပါလဲ။
အနာဂတ်မှာ မြန်မာနိုင်ငံဖွံ့ ဖြိုးလာဖို့ ဂျပန်အစိုးရရဲ့ အကူအညီနဲ့ မြန်မာပြည်သူတွေအတွက်ကို တတ်နိုင်တဲ့ဘက်က အစွမ်းကုန်ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့အဖွဲ့က ကြိုးပမ်းပေးပါမယ်။ ကျွန်တော်တို့ မှန်မှန်ကန်ကန်နဲ့ မြန်မာနိုင်ငံကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် တံတားခင်းပေးမယ်။ ပြီးရင် အကုန်လက်လွှဲပေးမယ်။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လုပ်သင့်တာကတော့ ဖူးပွင့်လာတဲ့ အသီးအပွင့်တွေကို ပြည်သူတွေ ခံစားရအောင် လုပ်ပေးဖို့ တာဝန်ရှိတာပါပဲ။ ကျွန်တော်တို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေက ဖွံ့ ဖြိုးဆဲနိုင်ငံကို ထောက်ပံ့တဲ့ အဓိက ရည်ရွယ်ချက်ကလည်း ဒါပါပဲ။ အစိုးရကို ထောက်ပံ့တယ်၊ ကူညီတယ်ဆိုတာ ပြည်သူပြည်သားကောင်းစားဖို့အတွက်ပါ။ ဒါကြောင့် ဖူးပွင့်လာတဲ့ အသီးအပွင့်အားလုံး ပြည်သူတွေပဲ စားသုံးရမယ်။ အရင်တုန်းက ရည်ရွယ်ချက်လည်း ဒီလိုပဲ။ နောင်လည်း ဒီလိုပါပဲ။
ကျေးဇူးတင်ပါတယ်။

ရးသားသူ- အားမာန် 7Days News Journal

Wednesday, March 27, 2013

မတ်လ ၂၇ ရက်နေ့(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ ဇီးကုန်းမြို့လယ်တွင် ရှိသော အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေး တာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစု ကွဲသွားကြောင်း ဇီးကုန်းမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သူများသည် ဇီးကုန်းမြို့၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ခဲ့သူ အများအပြား ပါဝင်နေပြီး မြို့ခံအချို့နှင့် ပူးပေါင်းကာ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


နတ္တလင်းမြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း နတ္တလင်းမြို့သို့
ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။ နတ္တလင်းမြို့၌ မီးရှို့မည် ဆိုသော သတင်းများ ထွက်ပေါ် နေသော
ကြောင့် မြို့ခံများ အချင်းချင်း သီးခြား အစု ငယ်များဖြင့် အုပ်စု လိုက် နေထိုင်မှုများ ရှိနေကြောင်း သိရှိရပါသည်။
မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ဇီးကုန်းမြို့ကိုလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်းနှင့် လူစုလူဝေး နေထိုင်မှုများ ရှိပါက အရေးယူမည်ဟု ထုတ်ပြန်လိုက်ကြောင်း ဇီးကုန်းမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောသည်။ ပြီးခဲ့သည့် နာရီပိုင်းအတွင်းက နတ္တလင်းမြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါသည်။ ယမန်နေ့ ညပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို၊ မင်းလှနှင့် ကြို့ပင်ကောက် မြို့များကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါသည်။
မတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ယနေ့ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊မိုးညိုမြို့ ဇောတိက ရပ်ကွက်၊ပန်းသပြေလမ်းရှိ ဗလီတစ်လုံးအား အင်အား ၃၀၀ ခန့်ရှိ လူအစုအဖွဲ့မှ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ထို့ကြောင့် မိုးညိုမြို့ကို ယနေ့ည ၇ နာရီခွဲမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း၊ ဖျက်ဆီးသူများမှာ အနီးအနားရှိ ရွာများမှ တက်လာသူများ ဖြစ်ကြောင်း၊လုံခြုံရေးအင်အား ၃၀ ခန့် ချထားပြီး လက်ရှိတွင် ဆူပူဖျက်ဆီးမှုများ၊လူအစုအဖွဲ့များ မရှိတော့ကြောင်း မိုးညိုမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 
Eleven Media Group သို့ ပြောကြားခဲ့သည်။
မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ပြည်မြို့နှင့် အနီးဝန်းကျင်ဖြစ်သည့် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ယနေ့ (မတ်လ ၂၇ ရက်) ညမှစတင်၍ ည ၁၀ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရသည့် ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်သည်။ ယင်းအမိန့်ကြေညာစာ အမှတ် ၆၄/၂၀၁၃ အား ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် ည ၈ နာရီ ၃၀ မိနစ်တွင် လိုက်လံကြေညာခဲ့သည်ဟု သိရသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ပြည်မြို့နှင့် ပြည်မြို့အနီးဝန်းကျင်ဖြစ်သည် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် လှိုင်မိုးဝင်းက "လက်ရှိ ပဋိပက္ခတွေ ဖြစ်နေလို့ ပုဒ်မ ၁၈၈ ကို ထုတ်ပြန်တာ မဟုတ်ပါဘူး။ ပြဿနာတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာပါ။ ဒီဒေသမှာ ဘာပြဿနာမှ မရှိပါဘူး။ တည်ငြိမ်နေပါတယ်" ဟု Eleven Media Group သို့ မတ်လ ၂၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က ပြောကြားခဲ့ပါသည်။

EMG ၏ သတင်းများအား စုစည်းတင်ပြခြင်း ဖြစ်ပါသည်။

၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား ၂၇ မတ် ၂၀၁၃

U Ye Htut 's facebook
from U Ye' Htut's Facebook
U Ye' Htut's facebook
Photo - AFP

Photo AFP

Photo AFP

Photo AFP


fotomojaw The VOICE



Photo AFP

U Ye Htut 's facebook 


ယနေ့ မတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ပြသခဲ့သည်။ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး အဆိုပါမိန့်ခွန်းတွင် တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့် လိုက်နာဆောင်ရွက်ရန်အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနှင့်အတူ ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ပြီးစုစည်းညီညွတ်သည့် ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု ကတိတည်မှုနှင့် တိုင်းရင်းသားပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာများ ထားရှိရန် လိုအပ်ကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုလိုလားကြောင်း၊ ယနေ့အချိန်တွင် ဒီမိုကရေစီစနစ်ဖြင့် ချီတက်ရာ၌ တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိကြရန် ဥပဒေကို လေးစားလိုက်နာကြရန် အရေးကြီးကြောင်း၊ တပ်မတော်အနေဖြင့် စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားကြောင်း၊ တပ်မတော်သည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဒီမိုကရေစီကျင့်စဉ်များနှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစရှိသည်တို့ကို ပြောကြားခဲ့ပါသည်။


မြန်မာ့တပ်မတော်သမိုင်းကြော
င်းတွင် မည်သည့်အခါမျှ လူမျိုးတုန်းသတ်ဖြတ်မှုများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၆၈ နှစ်မြေက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောကြားသည်။
"လူမျိုးတုန်းသတ်ဖြတ်မှု (Genocide) ဆိုတာ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းအား လေးစားလိုက်နာလျက်ရှိသဖြင့်မည်သည့်စစ်ရာဇ၀တ်မှုကိုမျှ ကျူးလွန်ခြင်းမရှိသကဲ့သို့ စည်းကမ်းဖောက်ဖျက်သော စစ်သည်များရှိပါကလည်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ထိရောက်စွာ အရေးယူလျက်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

လက်ရှိအစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လိုလားသကဲ့သို့ မိမိတို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို အခြားသူများထက် ပို၍လိုလားသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်လျက်ရှိကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

"နိုင်ငံတော်က တပ်မတော်အတွက် ဘယ်တုန်းကမှမဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး။ တပ်မတော်ဟာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို လိုလားတယ်။ အရင်ကလို တိုင်းပြည်ထိခိုက်နစ်နာမှုတွေဖြစ်မှာကို မလိုလားဘူး" ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆိုသည်။

အဆိုပါ တပ်မတော်နေ့ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ၊ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ဂုဏ်ပြုခဲ့ကြောင်း တွေ့ရှိရသည်။ ထို့ပြင် ယခုနှစ်တွင် သံချပ်ကာ ကားများ ၊ အမြောက်များ ၊ လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံများ ပါဝင်သော စစ်ကြောင်းဖြင့် ၆၈ နှစ်မြောက် တပ်မတော်နေ့ အား ဂုဏ်ပြုခဲ့ပြီး အဆိုပါစစ်ကြောင်းအား အောင်ဆန်းစစ်ကြောင်း ဟု အမည်ပေးထားသည်။ အဆိုပါ အောင်ဆန်းစစ်ကြောင်း ဟု အမည်ပေးရခြင်းမှာ ကြီးမား လေးနက်သော အဓိပ္ပါယ်ကို ဆောင်ပါကြောင်း ဦးရဲထွဋ်၏ FaceBook တွင် ဖော်ပြထားသည်။

ref:     : eleven , 7days



ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး အဖြစ် တိုးမြင့်တာဝန်ယူ



နိုင်ငံတော်၏ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်အား ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဆင့်မှ ဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းအား ဒုတိယဗိုလ်ချူပ်မှူးကြီးအဆင့်သို့လည်းကောင်း မတ် ၂၅ရက်က တိုးမြှင့်လိုက်ကြောင်းသိရသည်။

အဆိုပါရာထူးအဆင့်အသစ်များဖြင့် ၆၈နှစ်မြောက်တပ်မတော်နေ့ (ဖက်ဆစ် တော်လှန်ရေးနေ့) အခမ်းအနားသို့ တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၁၉၅၆ ခုနှစ်မှာ မွေးဖွားသူဖြစ်ပြီး မေမြို့ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပါတယ်။ ယင်းအတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ဗိုလ်ချုပ်မှူးကြီးတစ်ဦး ဖြစ်လာမည် ဖြစ်သည်။

အလားတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းကိုလည်း ဒုဗိုလ်ချုပ်မှူးကြီး ရာထူးတိုးမြှင့်ခန့်အပ်လိုက်ကြောင်း သိရသည်။ 

Ref : MM EXp


အကြမ်းဖက်မှု့များ မဖြစ်ပေါ်အောင် ပါတီများအနေဖြင့် ထိန်းသိမ်းပေးရန်လိုကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြောကြား


ရန်ကုန်မှာ လတ်တလောဖြစ်ပေါ်နေတဲ့ အကြမ်ဖက်မှုဖြစ်အောင် လှုံ့ဆော်နေတဲ့ ဖြစ်ရပ်တချို့မှာ အောက်ခြေ နိုင်ငံရေးပါတီဝင်တချို့ ပါဝင်နေတာတွေ့ရတဲ့အတွက် ပါတီတွေအနေနဲ့ ထိန်းသိမ်းပေးဖို့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က ဒီနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ်ဦးမြင့်ဆွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဒီပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သဘောတူတယ်လို့ တွေ့ဆုံပွဲတက်ခဲ့တဲ့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
 
ဦးဥာဏ်ဝင်း
ဦးဥာဏ်ဝင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းတို့က တချို့နေရာတွေမှာ ရန်ကုန်မှာ အခုလတ်တလောဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေမှာ အောက်ခြေပါတီဝင်တချို့ ပါတာ တွေ့တယ်တဲ့။ ဘယ်ပါတီလဲဆိုတာ မပြောဘူး။ အဲဒါတွေ ထိန်းသိမ်းပေးဖို့၊ လုံခြုံရေးကိစ္စ ပူးပေါင်းဆောင်ရွက်ဖို့။ အဲဒါတွေပြောတယ်။ ကျနော်တို့ကလည်း ဒါကို သဘောတူပါတယ်။ ကျနော်တို့ဆီက လုံခြုံရေးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့နဲ့ ရပ်မိရပ်ဖတွေနဲ့ ဒီလိုအဖြစ်အပျက်တွေ မကြီးထွားလာအောင် ဆောင်ရွက်ကြဖို့ မနေ့ကတည်းက ညွှန်ကြားချက်ထုတ်ပြီးသားပါ။ ဒါတွေဆွေးနွေးပါတယ်။ တခြားပါတီတွေကလည်း ဒီကိစ္စနဲ့ တိုက်ရိုက်မဆိုင်သော်လည်း စိတ်ဝင်စားတာလေးတွေ ဆွေးနွေးကြပါတယ်။”
အခု ရန်ကုန်အနေအထားကရော ဘယ်လိုရှိပါလဲ။
“ကျနော် နေရာအနှံ့တော့ မရောက်ဘူး။ ကျနော်မြင်ရတဲ့နေရာတော့ အေးချမ်းသွားပြီ၊ အရင်ရက်တွေလောက် စိုးရိမ်ပူပန်မှုနည်းသွားပြီ။ မရှိတော့ဘူး။”
မနေ့က ဘာကြေညာချက်ထုတ်ပြန်ထားတာပါလဲ။
“မနေ့က ရန်ကုန်တိုင်းအနေနဲ့ မြို့နယ်တွေကို ညွှန်ကြားတယ်။ ဒီလိုကိစ္စတွေမှာ မိမိနဲ့ မဆိုင်တာမှာ ပါဝင်ပတ်သက်မှု မရှိဖို့နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စာထုတ်တာပါ။”
တွေ့ဆုံပွဲမှာ မွတ်စလင် ပါတီ ၂ ပါတီကလည်း ဆွေးနွေးတယ်ပြောတယ်။ သူတို့ရော ဘာဆွေးနွေးဖြစ်ကြလဲ။
“သူတို့ကတော့ သူတို့က တိုင်းရင်းသားပါပဲ၊ နိုင်ငံသားပါပဲ။ ဘာသာမတူတာပဲရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။ ဒါတွေ ဆွေးနွေးတင်ပြပါတယ်။”
ဝန်ကြီးတွေပြောသွားတဲ့အထဲ၊ လုံခြုံရေးဝန်ကြီးတို့ပြောသွားတဲ့အထဲ ရန်ကုန်လုံခြုံရေးနဲ့ ပတ်သက်လို့ တင်ပြသွားတာမှာ စိတ်ကျေနပ်မှုရှိလား။
“လုံခြုံရေးအတွက် ဘယ်လိုစီမံထားတယ်ဆိုတာတော့ မပြောဘူး။ သို့သော် လုံခြုံရေးအတွက် လုပ်နေတယ်။ ရန်ကုန်ဟာ အရေးကြီးတဲ့နေရာတခုပဲ။ ရန်ကုန်မှာ ဖြစ်ခဲ့ရင် ကျန်တဲ့နေရာတွေ ကူးစက်လွယ်တယ်ပေါ့။ ဒါကြောင့် ရန်ကုန်မဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ်ဆိုတာ ပြောတယ်။”
တခြားဖြည့်စွက်ပြောလိုတာရှိရင်ပြောပေးပါ။
“အဓိကကတော့ နိုင်ငံရေးပါတီတွေအားလုံး မီးပွားကနေ မီးမလောင်အောင်၊ စိုးရိမ်ကြောင့်ကြနေရတဲ့အဖြစ်တွေ မဖြစ်ရအောင် ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်တဲ့ပွဲလို့ ပြောရင်ရတယ်။”

Credit to DVB

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS