Wednesday, March 27, 2013

မတ်လ ၂၇ ရက်နေ့(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ပဲခူးတိုင်း ဒေသကြီး အနောက်ဘက်ခြမ်းရှိ ဇီးကုန်းမြို့လယ်တွင် ရှိသော အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်၊ ဆိုင်ခန်းများကို အင်အား(၄၀၀) ခန့်ရှိသော လူတစ်စုက ၀င်ရောက် ဖျက်ဆီးခြင်းများ လုပ်ဆောင်ခြင်းကို လုံခြုံရေး တာဝန်ရှိသူများက ပစ်မိန့်ပေး ဖြိုခွင်းခဲ့သောကြောင့် လူစု ကွဲသွားကြောင်း ဇီးကုန်းမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။ အဆိုပါ လူစု၏ ဖျက်ဆီးမှုကြောင့် ဗလီ တစ်လုံးနှင့် နေအိမ်သုံးလုံး ပျက်စီးသွားကြောင်း သိရသည်။ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သူများသည် ဇီးကုန်းမြို့၏ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ လာရောက်ခဲ့သူ အများအပြား ပါဝင်နေပြီး မြို့ခံအချို့နှင့် ပူးပေါင်းကာ ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မတ်လ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


နတ္တလင်းမြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း နတ္တလင်းမြို့သို့
ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောပါသည်။ နတ္တလင်းမြို့၌ မီးရှို့မည် ဆိုသော သတင်းများ ထွက်ပေါ် နေသော
ကြောင့် မြို့ခံများ အချင်းချင်း သီးခြား အစု ငယ်များဖြင့် အုပ်စု လိုက် နေထိုင်မှုများ ရှိနေကြောင်း သိရှိရပါသည်။
မတ်လ ၂၇ ရက်နေ့ ညနေ ၆ နာရီ
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ဇီးကုန်းမြို့ကိုလည်း ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ကြောင်းနှင့် လူစုလူဝေး နေထိုင်မှုများ ရှိပါက အရေးယူမည်ဟု ထုတ်ပြန်လိုက်ကြောင်း ဇီးကုန်းမြို့သို့ ရောက်ရှိနေသည့် Eleven Media Group သတင်းထောက်က ပြောသည်။ ပြီးခဲ့သည့် နာရီပိုင်းအတွင်းက နတ္တလင်းမြို့ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါသည်။ ယမန်နေ့ ညပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး အနောက်ဘက်ခြမ်းရှိ အုတ်ဖို၊ မင်းလှနှင့် ကြို့ပင်ကောက် မြို့များကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပါသည်။
မတ်လ ၂၇ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ယနေ့ မတ်လ ၂၇ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း၊မိုးညိုမြို့ ဇောတိက ရပ်ကွက်၊ပန်းသပြေလမ်းရှိ ဗလီတစ်လုံးအား အင်အား ၃၀၀ ခန့်ရှိ လူအစုအဖွဲ့မှ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။ထို့ကြောင့် မိုးညိုမြို့ကို ယနေ့ည ၇ နာရီခွဲမှ စတင်ကာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ကြောင်း၊ ဖျက်ဆီးသူများမှာ အနီးအနားရှိ ရွာများမှ တက်လာသူများ ဖြစ်ကြောင်း၊လုံခြုံရေးအင်အား ၃၀ ခန့် ချထားပြီး လက်ရှိတွင် ဆူပူဖျက်ဆီးမှုများ၊လူအစုအဖွဲ့များ မရှိတော့ကြောင်း မိုးညိုမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက 
Eleven Media Group သို့ ပြောကြားခဲ့သည်။
မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ပြည်မြို့နှင့် အနီးဝန်းကျင်ဖြစ်သည့် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ယနေ့ (မတ်လ ၂၇ ရက်) ညမှစတင်၍ ည ၁၀ နာရီမှ နံနက် ၆ နာရီအထိ ညမထွက်ရသည့် ပုဒ်မ ၁၈၈ ထုတ်ပြန်လိုက်သည်။ ယင်းအမိန့်ကြေညာစာ အမှတ် ၆၄/၂၀၁၃ အား ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် ည ၈ နာရီ ၃၀ မိနစ်တွင် လိုက်လံကြေညာခဲ့သည်ဟု သိရသည်။

မတ်လ ၂၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်
(ပဲခူးတိုင်း အနောက်ဘက်ခြမ်း ပဋိပက္ခ သတင်းများ)


ပြည်မြို့နှင့် ပြည်မြို့အနီးဝန်းကျင်ဖြစ်သည် မှော်ဇာကျေးရွာ အုပ်စုတို့တွင် ပုဒ်မ ၁၈၈ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ပြည်မြို့ အမှတ် (၂) ရဲစခန်းမှ ဒုရဲအုပ် လှိုင်မိုးဝင်းက "လက်ရှိ ပဋိပက္ခတွေ ဖြစ်နေလို့ ပုဒ်မ ၁၈၈ ကို ထုတ်ပြန်တာ မဟုတ်ပါဘူး။ ပြဿနာတွေ ဖြစ်မလာအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာပါ။ ဒီဒေသမှာ ဘာပြဿနာမှ မရှိပါဘူး။ တည်ငြိမ်နေပါတယ်" ဟု Eleven Media Group သို့ မတ်လ ၂၇ ရက် ည ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က ပြောကြားခဲ့ပါသည်။

EMG ၏ သတင်းများအား စုစည်းတင်ပြခြင်း ဖြစ်ပါသည်။

No comments:

နိုဘယ်လ်ဆုရှင်က ဉာဏ်ရည်တု အန္တရာယ်တွေနဲ့ပတ်သက်ပြီး ကမ္ဘာကို ဘာတွေ သတိပေးနေသလဲ ?

Computer scientist သိပ္ပံ ပညာရှင် ဂျက်ဖရီ ဟင်တန် သည် ဉာဏ်ရည်တု တွင် သူ ၏ အလုပ် အတွက် ရူပဗေဒ အတွက် နိုဘယ်လ် ဆု ကို ဆွတ်ခူး ခဲ့ သည် ။ သို့သော...

VISITORS